စစ်တွေတွင် လူငယ် တစ်ဦးထိန်းသိမ်းခံရ

စစ်တွေတွင် လူငယ် တစ်ဦးထိန်းသိမ်းခံရ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် စစ်တွေ အုန်းတပင် ရပ်ကွက်မှ လူငယ် တစ်ဦးကို ရဲက ယခုလ ၂၆ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု သတင်းရရှိ သည်။

ထိန်းသိမ်းခံရသူ လူငယ်မှာ ဇော်ချေ (ခေါ်) ဇော်ဇော်၏ ညီဖြစ်ကြောင်း သိရသည်။

စစ်တွေမှ နိုင်ငံရေး တက်ကြွ လူပ်ရှားသူ တစ်ဦးက အဖမ်းဆီးခံရပုံကို ယခုလို ပြောသည်။

" အဓိကတော့ ဇော်ချေကို ရှာတာပါ။ စက်တင်္ဘာလ ၂၆ ရက်နေ့ ညဉ့် ၁၁ နာရီမှာ အိမ်ထဲကို ၀င်ရှာတဲ့ အခါ ဇော်ချေကို မတွေ့တဲ့ အတွက် ကျန်းမာရေး မကောင်းတဲ့ သူရဲ့ ညီကို ဖမ်းခေါ်သွားပါတယ်။ အမှတ် (၁) ရဲစခန်းကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည်ပိုင်းထိ လွှတ်ပေးတာမတွေ့ရ သေးဘူး" ဟု ပြောသည်။

ဇော်ချေကို မည်သည့် အတွက်ကြောင်းရဲက အလိုရှိနေကြောင်း မသိရသော်လည်း ဦးဥတ္တမနေ့ အခမ်း အနားပြီးကတည်းက ဇော်ချေကို ရဲက နောက်မှ လိုက်နေသည်ဟု သူက ပြောသည်။

" သူ့ကို ဖမ်းဖို့ လိုလားနေတာကတော့ ဦးဥတ္တမနေ့နဲ့ သက်ဆိုင်နိုင်ပါတယ်။ အတိအကျတော့ မပြောတတ်သေးဘူး။ သူအခု ဘယ်ရောက်နေတယ်ဆိုတာလည်း ဘယ်သူမှ မသိပါဘူး" ဟု သူက ပြောသည်။

အာဏာပိုင်များသည် ၂၆ ရက်နေ့ ညဉ့် အချိန်တွင် စစ်တွေရှိ ဟိုတည်များကိုလည်း ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ဆေးမူမှာ စက်တင်္ဘာ ၂၇ ရက်နေ့တွင် စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်နေမူနှင့် ဆက်စပ်ကြောင်း သိရသည်။

စက်တင်္ဘာလ ၂၇ ရက်နေ့က စစ်တွေတွင် လုံခြံုရေးကို အထူး တင်းကျပ်ထားခဲ့ပြီး လမ်းဆုံလမ်းခွတိုင်း တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့များကို ချထားခဲ့သည်။ တယ်လီ ဖုံးလိုင်းများ၊အိန်တာနက် လိုင်းများကိုလည်း နာရီပေါင်း မြောက်မြားစွာ ဖြတ်တောက်ထားခဲ့သည်။

Most read this week