စက်ရုပ် ရိုက်ချသဖြင့် မြန်မာ အလုပ်သမား တဦး သံရည်ပူလောင်ပြီး ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရ

စက်ရုပ် ရိုက်ချသဖြင့် မြန်မာ အလုပ်သမား တဦး သံရည်ပူလောင်ပြီး ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရ
by -
ဘစောတင်

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ JRD BRIGHTUHEELS THAILAND Co.,Ltd စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား တစ်ဦးကို အဆိုပါ စစ်ရုံတွင် အလုပ် လုပ်နေသော စက်ရုပ် တစ်ရုပ်မှ ရိုက်ချလိုက်သဖြင့် သံရည်ပူ အိုးထဲသို့ ပြုတ်ကျကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးယခု အခါ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

Ko-Kyaw-Naing-injuredအဆိုပါ စက်ရုပ် ရိုက်ချ၍ ဆေးရုံတင်ထားရသူမှာ ကိုကျော်နိုင် အသက် ၂၇ နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဗန္ဓုလ ရပ်ကွက်မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။ သူ၏ အလုပ်သမား နံပတ်မှာ ၀၀၉၀ ရ၁၁၀ ၀၈ ၄၄၂ ဖြစ်သည်။

JRD BRIGHTUHEELS THAILAND Co.,Ltd သည် ကားဘီးအတွင်းပိုင်းရှိ သံခွေကို ပုံသွင်း သွန်းလောင်း သည့် စက်ရုံဖြစ်သည်။ ယင်းစက်ရုံတွင် လူများနှင့်အတူ စက်ရုပ် အလုပ်သမားများလည်း အလုပ်လုပ် လျှက်ရှိကြသည်။

အခင်းဖြစ်ပွါးသည့် စက်တင်္ဘာလ ၁၇ ရက်နေ့က ကိုဦးကျော်နိုင်သည် သံရည်ကြိုသည့် အမှတ် ၂ အိုးထဲရှိ သံချေးများကို ဖယ်ရှားနေစဉ် အမှတ် ၁ သံရည်ကြိုအိုးသို့ အလုပ်လုပ်ရန်လာသော စက်ရုပ်အလုပ်သမား က သူ့ကို ရိုက်ချလိုက်သဖြင့် ယခုကဲ့သို့ သံရည်ပူ လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း ဦးကျော်နို်င်၏ သူငယ်ချင်းဖြစ်သူ ကိုခိုင်စိုးက ပြောသည်။

'ဦးကျော်နိုင်က ဘွိုင်လာအိုးက ကျလာတဲ့ သံရည်တွေထဲမှာပါလာတဲ့ သံချေးတွေကို ဖယ်နေတုန်းမှာ အမှတ် ၂ သံရည်ပူ အိုးထဲမှာ အလုပ်လုပ်ဖို့လာတဲ့ စက်ရုပ်က သူ့ကို ရိုက်ချလိုက်တာ တခါတည်း သံရည်ပူ အိုးထဲကို မှောက်လျှက် ကျသွားခဲ့ပါတယ်' ဟု ဆိုသည်။

ကိုဦးကျော်နိုင်၏ လက်နှစ်ချောင်း ရှေးဦးစွာ သံရည်ပူအိုးထဲသို့ ထိုးကျသွားပြီး သံရည်ပူများက အကျင်္ ီ အဝတ်အစားများ ကို စွဲလောင်သဖြင့် ဒူးဆစ်အထက်ပိုင်း ခန္ဓာကိုယ်တခုလုံး သံရည်ပူလောင်ခြင်းခံရ သည်ဟု ဆေးရုံတွင် အကူအညီပေးနေသူ ကိုထွန်းကျော်က ပြောသည်။

ကိုကျော်နိုင်သည် ကုတင် ၉ အခန်း ၅၃၀ ၅ထပ် ဟတ်ယိုင် ဆေးရုံကြီးတွင် တက်ရောက် ကုသနေကြောင်း သိရသည်။

'ဒူးဆစ် အထက်ပိုင်းက ခန္ဓာကိုယ် တခုလုံး သံရည်ပူလောင်ထားတယ်။ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဖားတကောင်ကို မီးဖုတ်ထားတဲ့အတိုင်းဘဲ။ လက် ၂ဘက်က သံရည်အိုးထဲကို ဒိုင်ဗင်ပစ်သလို ကျ သွားတာဆိုတော့ အကောင်း ပြန်ဖြစ်ပါ့မလားမသိဘူး။ မျက်လုံး ၂လုံးကို မထိခိုက်တာအင်မတန် ကံကောင်းတယ် ပြောရမယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာနေရမလဲတော့ ကျနော်လည်း မသိဘူး' ဟု ကိုထွန်းကျော်က ဆက်ပြောသည်။

သူ့တွင် အလုပ်သမား လက်မှတ်ရှိသော်လည်း ဆေးရုံလက်မှတ် မရရှိသေးသဖြင့် ဆေးရုံမှ ဘတ် ၃၀ ဖြင့် ကုသခွင့် မရဘဲ ဖြစ်နေကြောင်း သိရသည်။

ဆေးရုံမှ သူနာပြုဆရာမများ၏ ပြောပြချက်အရ ဘတ်သိန်းနှင့်ချီ ကုန်ကျမည်ဟု ပြောကြောင်း သိရသည်။ သူဆေးရုံတက်ပြီး ၄ ရက်အကြာ စက်တင်ဘာလ ၂၁ ရက်နေ့က ယင်းစက်ရုံမှ စာရေးမ နှစ်ယောက် ဆေးရုံသို့ လာပြီး ဆေးကုခ ၃၁၂၀၆ ဘတ် ပေးသွင်းသွားပြီး လူနာအသုံးပြုရန် ဘတ် ၅၀၀ ပေးသွား ကြောင်းနှင့် နောက်ထပ် စက်ရုံမှ မည်သူမျှ လာရောက်ခြင်းမရှိတော့ဟု ကိုထွန်းကျော်က ပြောသည်။

ယခုကဲ့သို့ အသက်အန္တရာယ် ထိခိုက်စေနိုင်သော အလုပ်မျိုးတွင် အတွေ့အကြံုနုနယ်သူ ကျန်းမာရေး အာမခံ အသက်အာမခံ စသော မည်သည့်အာမခံမျိုးမှ မရှိသူများကို အလုပ်ရှင်က စေခိုင်းခြင်းနှင့် ငွေရလျှင် ပြီးရော ဆိုပြီး အလုပ်ရှင်က ခိုင်းသည့်အလုပ်ကို လုပ်ခြင်းများကြောင့် ယခုကဲ့သို့ ရင်နာဖွယ် အဖြစ်ဆိုးမျိုး ကြံုတွေ့ရခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးသည့် TACDB မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။

' ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဆေးရုံမှာ တောင်းခံဖို့ လိုပါဦးမယ်။ အခုလက်ရှိ အခြေအနေရ ပြောရမယ်ဆိုရင် လုပ်ငန်းခွင် မလုံခြံုမှုပေါ့ဗျာ။ စက်ရုံကလည်း ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမား ဥပဒေတွေကို မလိုက်နာဘဲနဲ့ ခုလို အတွေ့အကြံုမရှိသေးတဲ့ အလုပ် သမားတွေကို ခိုင်းတဲ့ကိစ္စကြောင့် ခုလို ဖြစ်ရတယ်။ အလုပ်သမား ဘက်ကလည်း အလုပ်ရချင်တဲ့ဇောတခု တည်းနဲ့ ဒီလို အန္တရာယ်များတဲ့ အလုပ်ကို ပိုက်ဆံရပြီးရော ဆိုပီး လုပ်တဲ့ အတွက် ခုလိုမျိုးဝမ်းနည်းဖွယ် ရာ အဖြစ်တွေ ကြံုရတာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ခုကိစ္စမှာ သူ့ရဲ့ အလုပ်သမား ရပိုင်ခွင့်အတွက်တိုက်ပွဲဝင် သင့်တယ်' က ပြောသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၆၀ ခန့် အလုပ်လုပ်လျှက် ရှိကြောင်း သိရသည်။

Most read this week