မုန်ဘော် ကချင်ခရစ်ယာန်ဘုရားကျောင်းက ဒုက္ခသည် ၁၀၉ ဦးကို လက်ခံထား

မုန်ဘော် ကချင်ခရစ်ယာန်ဘုရားကျောင်းက ဒုက္ခသည် ၁၀၉ ဦးကို လက်ခံထား
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း မုန်ဘော်မြို့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုက နေရပ်စွန့်ခွာထွက်ပြေး လာသူ ၁၀၉ ဦး ကို လက်ခံထားသည်ဟုယင်း ဘုရားကျောင်းက ဆိုသည်။

mongpaw-myen

ရက်သားအရွယ် ကလေးငယ်နှင့် မိခင်လည်း ရွှေ့ပြောင်းလာသူများထဲတွင် ပါ၀င်သည်ဟု ဆိုသည်။ ကလေးငယ်နှင့် အမျိုးသမီးအများစု ပါ၀င်သည့် ဒုက္ခသည်များသည် အင်္ဂါနေ့ကရောက်ရှိလာကြခြင်း ဖြစ်သည် ဟု သိရသည်။

KIA တပ်မဟာ ၄ လွယ်ကန်ဒေသမှ တောတောင်ထဲ တစ်ညအိပ်ကာ မုန်ဘော်ရောက်ရန် တစ်ရက်ကြာ ခြေကျင်ခရီးနင်ရသည်ဟု စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

“အမျိုးသမီးနဲ့ ကလေးငယ်တွေအများစုပဲ။ သူတို့လမ်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ ကျနော်တို့ မုန်ဘော်ကနေ ၅ မိုင်လောက်သွားပြီး ကားနဲ့ကြိုလာတာ” ဟု ဘုရားကျောင်းမှ ဒုက္ခသည်များအား ကူညီနေသူ တစ်ဦးပြောသည်။

စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအစိုးရတပ်က ပစ်သည့် ၁၂၀ မမ အမြောက်ဆံတစ်ခု ရွာထဲကျရောက် ပေါက်ကွဲသည့်အတွက် ၁၀-နှစ်ကျော် ပလောင်ကလေး တစ်ယောက် ဒဏ်ရာရရှိသွားသည်ဟု ဒီမား ကျေးရွာမှ ရောက်ရှိလာသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ထပ်ပြောသည်။

နောက်ထပ် မုန်ဘော်သို့ စစ်ပြေးဒုက္ခသည်များရောက်လာရန် ရှိသည့်အတွက် ကြိုနို်င်ရန် ကားများ အဆင်သင့် ပြုလုပ်ထားသည်ဟု မုန်ဘော်ဘုရားကျောင်းမှ လူငယ်ဆရာတစ်ယောက်ပြောသည်။

စက်တင်ဘာ ၂၄ ရက်စကာ မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ လွယ်ကန်ဒေသကို ထိုးစစ်ဆင်လာ သည့်အတွက် စစ်ပြေးဒုက္ခသည် ရာချီထွက်ပြေးလာကြကာ လာရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ မူဆယ်၊ ပန်ဆိုင်း(ကြူကုတ်)၊ မုန်ဘော်၊ နမ်တောင်၊ မုန်ကိုး ဒေသသို့ ရောက်ရှိလာကြသည်ဟု ၎င်းဒေသမှ ဒုက္ခသည်လေ့လာသူများက ဆိုသည်။

ယခုချိန်အထိ ဒုက္ခသည်များ စားဝတ်နေရေးအတွက် ကချင်ခရစ်ယာန်ဘုရားကျောင်းများက အဓိက ပံ့ပိုးနေသည်ဟု ဒုက္ခသည်များ ပြောသည်။

စစ်ပွဲကြီးစတင်လာပြီး စစ်ပြေး ၂၀၀၀၀ ကျော်သည် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် တောတောင်များ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်သည်ဟု KIA တပ်မဟာ ၄ အရာရှိများပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာပဲ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSA/SSPP)နှင့်မြန်မာအစိုးရ တပ်ကြား မတ်လကစတင်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းကို ရှမ်းဒုက္ခသည်ကူညီရေးအဖွဲ့များက လည်း ဆိုသည်။

ကချင်ပြည်နယ်တွင် ဇွန်လကစတင်သည့် တိုက်ပွဲများကြောင့် မြန်မာအစိုးရထိန်းချုပ်ဒေသများနှင့် KIO ထိန်းချုပ်သည့် တရုတ်နယ်စပ်ဒေသများတွင် စုစုပေါင်းဒုက္ခသည် ၃၀၀၀၀ ကျော်နေပြီဖြစ်သည်။

Most read this week