"နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာ ဝန်ခံစမ်းပါ"

"နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာ ဝန်ခံစမ်းပါ"
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ)။            ။ အာဆီယံ ပါလီမန် အမတ်များ ညီလာခံ (APIA)တွင် မြန်မာနိုင်ငံကို အထူးလေ့လာ သည့် နိုင်ငံအဖြစ်မှ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့်  ၃၂ ကြိမ် မြောက် ညီလာခံကသဘော တူ လက်ခံခဲ့သည်။

တပတ်ကြာ ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင်  ပြီးဆုံးသွားခဲ့သည့့် AIPA ညီလာခံတွင်  မြန်မာအမတ်၁၄ ဦး တက်ရောက်ခဲ့ရာ ကြံ့ခိုင်ရေး ပါတီအမတ် ထက်ဝက်ကျော် ပါဝင်ခဲ့သည်။

ညီလာခံတွင်  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့များ ဖွဲ့စည်းရေး၊ အမျိုးသမီးရေးရာ၊ ဒေသတွင်း မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊  ရွှေ့ပြောင်း အလုပ်သမားများ အရေးတို့ကို မြန်မာက ပါဝင် ဆွေးနွေးခဲ့သည်။

AIPA ညီလာခံနှင့် ပတ်သတ်၍ အသေးစိတ် သိရှိရန် ကိုယ်တိုင် တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ စစ်တွေ အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ ၂ဝ၁၄တွင်  အာဆီယံ ဥက္ကဋ္ဌရာထူး မျှော်မှန်းထားပါက မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားရှိသည်ကို ဝန်ခံသင့်သည်ဟု ဆိုခဲ့သည်။

ဦးအေးမောင်၏ မြန်မာအပေါ် အာဆီယံသဘောထား၊ အာဆီယံ၏ ဥက္ကဋ္ဌ ရာထူးနှင့် မြန်မာ သင့်တော် မတော်၊ ထိုရာထူးအတွက် လုပ်ဆောင်သင့်သည်များကို မဇ္ဈိမသတင်းထောက် သဲသဲ မေးမြန်းထားခြင်း ဖြစ်သည်။

AIPA မှာ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာလေး အကျဉ်းချံုး ပြောပြပေးပါဦး။

“AIPA မှာက ဆွေးနွေးတာ လေးခုရှိတယ်.၊ ကျနော်က အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ ကော်မတီမှာ တက်ခဲ့တယ်။

မြန်မာပြည် အကြောင်းကို မမေးဘူး ဒါပေမယ့် တခုရှိတယ်။ ဖွင့်ပွဲမှာပဲ စတိတ်မန့်တွေ AIPA ကဖတ်သလို
လေ့လာသူ နိုင်ငံတွေက ဖတ်ပါတယ်။ ကျနော်တို့ကို ကြိုဆိုတဲ့နိုင်ငံက များပါတယ်။ ကနေဒါက ပြောတာက နည်းနည်း ပြင်းပြင်းထန်ထန် သုံးတာပေါ့။ သူက နိုင်ငံရေး အကျဉ်းသားတွေကို သုံးတယ်။ Senction (စီးပွားရေး ပိတ်ဆို့မှု) လည်း ပါတယ်ပေါ့၊ ဆောင်ရန်လေးတွေ နှစ်ဘက်ကို မျှပြောတာတော့ကနေဒါနိုင်ငံ ပေါ့။ လူ့အခွင့်အရေး ကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကိစ္စတွေကို သူတို့ဘက်က အမြင်ကို စတိတ်မန့်ထဲမှာ တင်ပြသွား တာပေါ့။ သူ့အမြင်ကို တင်ပြတာကို ဒါကောင်းတယ် မကောင်းဘူး ပြောရ ခက်ပါတယ်။ ကျနော့်အနေနဲ့တော့ လက်ခံ ပါတယ်။ ဘာလို့ဆိုတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာကလည်း ကာလံဒေသံ အခြေအနေအရ ပြန်သုံးသပ်ရမှာ
ကိုး။”

တခြားနိုင်ငံတွေကကော ဘာတွေများ ပြောသွားသေးလဲရှင့်။

“ပါလီမန်တွေရဲ့ ကဏ္ဍနဲ့ပတ်သတ်ပြီး ပြည်သူရဲ့ အသံ ပြည့်ပြည့်ဝဝ ရရှိဖို့တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊နှိပ်ကွပ်တာတွေ ဘာတွေလဲပါတာပေါ့။ သူတို့ဘက်က အမြင်တွေကို ကျနော်မှတ်မိသလောက်ပါ။”

တခြားနိုင်ငံက ပါလီမန်အမတ်တွေဆီက ဘာတွေလေ့လာခဲ့လဲ။

“AIPA မှာလုပ်တဲ့အခါ ထဲထဲဝင်ဝင် တဦးချင်းသီးသန့် အမြင်တွေကိုတော့ ဆွေးနွေးခွင့်မရကြဘူး။”

၂ဝ၁၄ မှာ မြန်မာကို အာဆီယံ ရာထူးလွှဲပေးဖို့ ကိစ္စတွေကိုရော ပြောဆို ဆွေးနွေးခဲ့သေးလားရှင့်။

“ကျနော်တော့ သီးသန့်လို့ထင်တယ်။ ဘာမှမတော့မမေးကြဘူးဗျ။ ဘာမှ ဆွေးနွေးမခံခဲ့ရဘူး။”

AIPA မှာ တင်းပြည့် အဖွဲ့ဝင် ဖြစ်သွားပြီလို့ သိရပါတယ်။ ဒီတော့ လာမယ့် ၂ဝ၁၄ အာဆီယံ မှာ ဥက္ကဋ္ဌ
ဖြစ်ရေးအပေါ် အကျိုးသက်ရောက်မှု တစုံတရာရှိမယ်လို့ ယူဆသလား။

“ကျနော်တော့မထင်ဘူး။ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြမယ်လေ။ အစက အာဆီယံမှာ မြန်မာက သူ့နိုင်ငံ အခြေအနေကြောင့် မယူရဲဘူး။ အခုယူရဲပြီလေ ယူရဲတဲ့အခါ ပေးရဲရမှာပေါ့။ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အခါ ဥပမာ- အာဆီယံ နိုင်ငံရဲ့ လူ့အခွင့်အရေးတို့၊ ဘာတို့ စံကလေးတွေကို နိုင်ငံတကာသတင်းထောက် တွေ လာတော့မယ်လေ။ ကျနော်တို့ လွှတ်တော်ကိုလည်း ကြည့်ကြတော့မယ်လေ။ အစိုးရချင်းကိုလည်း လာကြည့်ကြ အသုံးသပ် ခံကြတော့မယ်။ အပြင်ကကြားတဲ့ အသံထက်  တကယ်တမ်း ဟုတ်ရဲ့လား ဆိုတာ လာရင်တွေ့ကြမယ်။ ကျနော် ထင်ပါတယ်။ နိုင်ငံအတွက် အမြတ်ပဲ ရှိတယ်။ မလုပ်တတ်ရင် ဒီအစိုးရ ရှုံးမှာပဲလေ။”

AIPA ကလည်း အာဆီယံ အဆက်အစပ် အဖွဲ့အစည်းတခုဆိုတော့ အဲဒီမှာ တင်းပြည့် အဖွဲ့ဝင်ဖြစ်ပြီး
နောက်မှာ ဒါက အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူဖို့အတွက် အားမပြုနိုင်ဘူးလား။

“ဘယ်လိုမှတော့ အားမဖြစ်နိုင်ဘူး။ အာဆီယံဆိုတာ ဒီမိုကရေစီကျတဲ့ နိုင်ငံတွေချည်းပဲလေ သူ့နိုင်ငံနဲ့ သူလာကြတာကိုး။ ဒါက အာဆီယံရဲ့ member တခုဆိုတာ သေချာထားပြီ။ ဒီအတိုင်းဆို အာဆီယံကလည်း ပေးမှာပဲ။ ဒီရာထူးဆိုတာက ကိုယ်နဲ့ ထိုက်တန်မှ ယူသင့်တာပေါ့ ။ ကိုယ့်မှာ ဘယ်လောက်ထိ ဖွင့်ပေးနိုင်တဲ့ အင်အား ရှိသလဲ။ အဲဒါတွေက စကားပြောမှာပါ။”

မြန်မာကို ဥက္ကဋ္ဌ ရာထူးကော ပေးသင့်တယ်လို့ ထင်လား၊ ကနေဒါကလည်း နိုင်ငံရေး အကျဉ်းသား ကိစ္စ ထပ်ပြောသွားတယ် ဆိုတော့လေ။

“ကျနော့်သဘောကတော့ ပေးသင့်တယ်။ ပြီးရင် လာကြည့်သင့်တယ်။ တခြားနိုင်ငံတွေကလည်း သူများသွားချင်တဲ့ လမ်းကြောင်းကို ဒီအစိုးရက ဘယ်လောက် လျှောက်သလဲ ဆိုတာကို ဘေးကနေ ကြည့်နေသင့်တယ်။ မြန်မြန်လေး သွားစေချင်တဲ့ လမ်းကြောင်းကို ရောက်သွားအောင် ပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သတ်ပြီး ပြောချင်တာကနိုင်ငံရေး အကျဉ်းသား ရှိတယ်လို့ လက်ခံတယ်။ ကျနော်တို့ ပါတီရဲ့ သဘောထားကို ပြောတာပါ။ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဝန်ခံပါ။ ကိုယ့်ဘက်က တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက်။”

နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရလည်း ငြင်းပါတယ်၊ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“နိုင်ငံရေး အကျဉ်းသား ရှိတာ ဝန်ခံရမယ်။ တိုင်းပြည်ဟာ နောက်ကြောင်း ပြန်မသွားသင့်တော့ဘူး။ ဘာပြုပြင်ဖို့လိုသလဲ၊ အစိုးရအဖွဲ့ဟာ ဘာလုပ်ဖို့ လိုသလဲ၊ ပါလီမန်ဟာ ဘာလုပ်ဖို့ လိုသလဲ ကျနော်တို့ သိရမယ်။ sanctions ရုတ်ပါ လို့ အော်နေရုံနဲ့ မပြီးဘူး ။ အစိုးရဟာ သူပြုပြင်သင့်တဲ့ဟာ ပြုပြင်ရမယ်။ ကိုယ့်ဘက်က ဘာပြုပြင်ဘို့ လိုမလဲဆိုတာကို သိရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဘို့လိုမယ် ဝန်ခံဘို့ လိုမယ် ဒါကျနော်တို့ အမြင်ပဲ။ လူသား အခွင့်အရေးတွေ ဆုံးရှုံးတာရှိရင် လူ့အခွင့်အရေးရအောင်လုပ်ပေး ရမယ် ပါလီမန်ကရော အစိုးရကရောပေါ့”

အာဆီယံ ဥက္ကဋ္ဌရာထူးကိုယူဖို့ မြန်မာနိုင်ငံကနေ ထိုက်တန်တဲ့ လုပ်ဆောင်သင့်တဲ့ အချက်တခုကဘာဖြစ် မလဲ။

“၂ဝ၁၄ အတွက် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ရည်မှန်းရင်  အာဆီယံက အကြိုက် ကမ္ဘာက အကြိုက် လုပ်ပေးရမယ့် တာဝန်ဟာ ရာထူးကိုယူမယ့် ပုဂ္ဂိုလ်မှာ တာဝန်ရှိသွားပြီ။ နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာ ဝန်ခံစမ်းပါ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါ။”

အခု အန်ကယ်တို့ သွားလေ့လာခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံအခြေအနေကို နည်းနည်း ယှဉ်ပြပေးပါလား။

“ကမ္ဘောဒီးယားဆိုရင် ရှေ့ကိုရောက်သွားပြီ။ ကျနော်တို့မှာ resources (အရင်းအမြစ်) တွေ အများကြီးရှိတာ၊
လူဦးရေ ငါးဆလောက် သူတို့ထက်များတယ်။ သူတို့က civil war (ပြည်တွင်းစစ်) အကြီးကြီး ဖြစ်တာ လူ နှစ်သန်း ကျော် သေခဲ့တဲ့ နိုင်ငံတောင်မှ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်နိုင်ရင် ကျုပ်တို့ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ တိုင်းရင်းသားတွေ ဒီလောက်ရှိတာ နှစ်ပေါင်း ၆ဝ ကျော်ပြီး တိုင်းပြည်ဟာ ဒီအတိုင်းပဲ ဖြစ်နေတာ။”