ရွှေဝါရောင်နှစ်လည်နေ့ မတိုင်မှီ စစ်တွေမှ ဦးကေသာရကို ရသေ့တောင်သို့ ပို့ပြီး အကျယ်ချုပ် ထိန်းသိမ်းထား

ရွှေဝါရောင်နှစ်လည်နေ့ မတိုင်မှီ စစ်တွေမှ ဦးကေသာရကို ရသေ့တောင်သို့ ပို့ပြီး အကျယ်ချုပ် ထိန်းသိမ်းထား
by -
နိရဥ္စရာ သတင်းဌာန

စက်တင်္ဘာလ ၂၃ ရက်နေ့ကထိန်းသိမ်းခံထား ရသော ဦးကေသာရကို စစ်တွေမြို့မှ မိုင်၂၀ ခန့် ဝေးကွာသော ရသေ့တောင်မြို့နယ်မှ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းသို့ ပို့ဆောင်ကာအကျယ်ချုပ် ဖြင့် ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

ဦးကေသာရ၏ လုပ်ဖေါ်ကိုင်ဘက် ရဟန်းတော် တစ်ပါးက ယခုလို မိန့်ကြားသည်။

" အခု ဦးဇင်းတို့ သိရသလောက် ဦးကေသာရကို ရသေ့တောင်မြို့နယ် မစဲကျွန်း ခြေတော်ရာက အလိုပြည့် ကျောင်းတစ်ကျောင်းမှာ အကျယ်ချုပ် သဘောထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ သူကို ခံဝန် လက်မှတ်ရေးထိုးခိုင်ပြီး ၀ါတကျွတ် အေးဒီမှာ နေရမယ်ဆိုပြီး ပြောထားတယ်လို့ သိရပါတယ်" ဟု ပြောသည်။

Katahyaဦးကေသာရအား ယခုလ ၂၃ ရက်နေ့ နေ့လည် (၂) နာရီတွင် ပုသိမ်ကျောင်းမှ တခြား ရဟန်းတော် (၂) ဖြစ်ကြသည့် ဦးပဏ္ဍိတ်စ၊ ဦးပညာဝံနတို့ နှစ်ဦးနှင့် အတူ စစ်တွေ အရံရဲတပ်ဖွဲ့ရုံးသို့ ခေါ်ဆောင်သွားပြီး နောက် ယခုကဲ့သို့ ရသေ့တောင်မြို့နယ်သို့ ပို့ဆောင်ကာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ထားလိုက်ခြင်း ဖြစ်သည်။

" သူတို့ကို ခေါ်သွားစဉ်က ပုသိမ်ကျောင်း ဆရာတော်ကြီးရှေ့မှာ လက်မှတ်ရေးထိုးပြီး ပြည်နယ် သာသနာရေး ဦးစီးမှူးတို့က ပြည်နယ် အရံရဲတပ်ရင်းကို ကားနဲ့ ခေါ်သွားတယ်။ ညနေ ၆ နာရီ ၃၀ မှာ ဦးပဏ္ဍိတ်နဲ့ ဦးပညာဝံနတို့ ပြန်လွှတ်ပေးလိုက်ပြီး ဦးကေသာရကို ဆက်လက်ထိန်းသိမ်းထားပြီးတော့ နောက်တစ်နေ့မှာ ရသေ့တောင်နယ်က ခြေတော်ရာကို ပို့လိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးကေသာရမှာ စစ်တွေတွင် စက်တင်္ဘာလ (၉) ရက်နေ့က ပြုလုပ်ခဲ့သော ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဦးဆောင် ပြုလုပ်ခဲ့သဖြင့် အာဏာပိုင်များ၏ အနီးကပ် စောင့်ကြည့်မူကို ခံနေရပြီး ၄ နှစ်မြောက် ရွှေဝါတော်လှန်ရေး နှစ်ပတ်လည်နေ့ကိုလည်း ဦးဆောင် ပြုလုပ်လာမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

တခြား ရဟန်းတော် တစ်ပါးကလည်း ဦးကေသာရအပေါ် ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ တရားမျှတမူ မရှိကြောင်း ယခုလို ပြောသည်။

" ဦးကေသာရ ဒီနေ့ထိ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တာလည်း ဘာမှ မလုပ်သေးဘူး။ ဒါ့အပြင် ဆန့်ကျင်တဲ့ စကားလည်း မပြောသေးဘူး။ သံသယနဲ့ ဒီလို ဖမ်းဆီးပြီး ၀ါတွင်းကာလမှာ အဝေးကို ပို့ပစ်တာက တရား ဥပဒေနည်းလမ်းအရ ကြည့်ရင် လုံးဝ မတရားဘူးဆိုတာ ဦးဇင်းတို့ ပြောနိုင်ပါတယ်" ဟု ပြောသည်။

ဦးကေသာရအား ရသေ့တောင်မြို့နယ်သို့ ပို့ပစ်ပြီးနောက် သူဘာ ဖြစ်နေသည်ကို အတိအကျ မသိရတော့ကြောင်း အဆိုပါ ရဟန်းတော်က ဆက်လက် မိန်းကြားသည်။

၎င်းပြင် အာဏာပိုင်များသည် ဆရာတော် ဦးဥတ္တမနေ့ လမ်းလျှောက် ချီတက်ပြီး ဂါရဝ ပြုရာတွင် ပါ၀င်သူ ရဟန်းတော်များ စာရင်းကိုလည်း ကောက်ယူနေပြီး ခေါင်းဆောင် ပါ၀င်သူ ရဟန်းတော်များ နေထိုင်ရာ ကျောင်းတိုက်များသို့ ကားများ၊ မော်တော်ဆိုင်ကယ်များ ဖြင့် သွားရောက်ပြီး ဓါတ်ပုံရိုက်ခြင်း၊ခြိမ်းခြောက် ခြင်း၊ နယ်များသို့ ပြန်သွားရန် ဖိအားပေးမူများကိုလည်း ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ဦးကေသာရအား ထိန်းသိမ်းပြီး နောက်တစ်နေ့တွင် အာဏာပိုင်များသည် အစိုးရ လိုလားသူ ဘုန်းကြီးများ သီတင်းသုံးရာ ဓမ္မသုခကျောင်းတိုက်၊ တောင်ချေရွာ ကျောင်းတိုက်၊ တောင်တန်း ကျောင်းတိုက်၊ မဟာကုသလ ကျောင်းတိုက်၊ မဟာအောင်မြေပြင် ကျောင်းတိုက်များသို့ သွားရောက်ပြီး ရွေဝါတော်လှန်ရေး နှစ်လည် အခမ်းအနားများ မပေါ်ပေါက်ရအောင် ရဟန်းသံဃာများအား ထိန်းသိမ်း ကြပ်မတ်ပေးရန် လျှောက်ထား သည်ဟု သိရသည်။

ယခု ဖမ်းဆီးထိန်းသိမ်းမူသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးနောက် ပထမဆုံး အကြိမ်ရဟန်း တော် တစ်ပါးအား စစ်တွေတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းမူ ဖြစ်သည်။

Most read this week