စစ်တွေ သံဃာနှင့်ကျောင်းသား အစည်းအဝေး ထောက်လှမ်းကြောင့် ပျက်

စစ်တွေ သံဃာနှင့်ကျောင်းသား အစည်းအဝေး ထောက်လှမ်းကြောင့် ပျက်
by -
မောင်အေး

စက်တင်္ဘာလ ၂၆ ရက်နေ့က စစ်တွေမြို့ဘောက်သီး စု ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းတွင် သံဃာနှင့် ကျောင်းသားများ ပြုလုပ်သည့် အစည်း အဝေးမှာ အရပ်ဝတ်နှင့် ထောက်လှမ်းများဝင်ရောက် ခဲ့သည့် အတွက် ပျက်သွား ခဲ့ကြောင်း သတင်း ရရှိ သည်။

အဆိုပါ အစည်းအဝေးကို စစ်တွေတက္ကသိုလ်မှ ကျောင်းသားတချို့နှင့် သောတုဇနဘိက္ခူ စာသင်သား သံဃာ တော်များမှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အရပ်ဝတ် ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့များဝင်ရောက်လာသည့် အတွက် အစည်းအဝေး ပျက် သွားရပြီး တချို့စာသင် သံဃာများ စိုးရိမ်မူ ရှိနေကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဦးဇင်းတပါးက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" အစည်းဝေးလုပ်တာ သိပ်မကြာလိုက်ဘူး၊ မနက် ၁၁ နာရီက စတာ ၁၂ နာရီမထိုးခင် အရပ်ဝတ် ရဲတွေနဲ့ ထောက်လှမ်းရေးတွေ ၀င်လာလို့ တချို့သံဃာတွေ ထွက်ပြေးကြတယ်။ ဒါကြောင့် အကြမ်းဖျဉ်း သဘော တူရုံက လွဲပြီး အစည်းအဝေးက ဘာမှ မဆုံးဖြတ်လိုက်ရဘဲ ပျက်သွားတယ်။"

သို့သော်လည်း အဖမ်းအဆီး တစုံတရာ မရှိဟု ဦးဇင်းက ပြောသည်။

အကြမ်းအားဖြင့် ရရှိခဲ့သော သဘောတူညီကို ဦးဇင်းက ယခုကဲ့သို့ မိန့်ကြားသည်။

" ဦးဇင်းတို့ကတော့ အခြေအနေပေါ်မှာ မူတည်ပြီး အလုပ် လုပ်သွားမယ်။ တကယ်လို့ ရန်ကုန်နဲ့ တခြား နေရာတွေက လူထု အုံကြွ မှုဖြစ်လာရင် ဒီ ရခိုင် ဘက်မှာလည်း ကျောင်းသားတွေနဲ့ ဦးဇင်းတွေ ဦးဆောင်ပြီး သံဃာ လှုပ်ရှားမှုကို လုပ်မယ်ဆိုပြီး သဘောတူထားကြတယ်" ဟု ဆက်ပြောသည်။

အစည်းအဝေးသို့ စာသင်သားသံဃာများနှင့် တက္ကသိုလ်ကျောင်းသား ၃၀ ခန့်တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။ အာဏာပိုင်များနှင့် ထောက်လှမ်းရေးများက ကျောင်းတိုက်များ ၀င်ရောက် စစ်ဆေး နိုင်သည်ဆိုသော သတင်းကြောင့် တချို့ ရဟန်းများမှာ မနေ့ညဉ့်က ရှောင်တိမ်းနေခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ ညနေပိုင်းက ရန်ကုန်နှင့် စစ်တွေရှိ သံဃာများ၊ နိုင်ငံရေး လူပ်ရှားတက်ကြွသူများ ဆက်သွယ်မူ မမိအောင် စစ်တွေတွင် ဖုံးလိုင်းကို အချိန် အကြာကြီး ဖြတ်တောက်ထားခဲ့သည်ဟု သိရသည်။

Most read this week