စစ်တွေတွင် လုံခြံုရေး တင်းကြပ်ထားရဟု အာဏာပိုင်ပြော

စစ်တွေတွင် လုံခြံုရေး တင်းကြပ်ထားရဟု အာဏာပိုင်ပြော
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအာဏာပိုင်များက မြို့ပေါ်တွင် သတင်းသုံး နေကြသည့် ဘုန်းကြီးကျောင်းများကို ရွှေဝါရောင် နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ မပြုလုပ်ရန် “တားမြစ် သတိပေးချက်များ”ပြုလုပ်ကာ မြို့ပေါ်နေရာ များတွင် လုံခြံုရေးတင်းကြပ်စွာ ချထားပြီးဖြစ်ကြောင်းစစ်တွေ မြို့နယ် ရဲအရာရှိကပြောသည်။

“ကျနော်တို့ သတင်းရထားတာက ၂၇ ရက်နေ့ ဒီမြို့ပေါ်က ဘုန်းကြီးတွေ မြို့ထဲထွက် လမ်းလျှောက်မယ်လို့ သတင်းရထားတဲ့ အတွက် စီမံချက် အနေအထားနဲ့ လုပ်ထားတဲ့ စာတွေကိုတော့ ကျောင်းတွေကို ပို့ထားပြီးပြီ။ အခုလောလောဆယ် လုံခြံုရေး ကတော့ တမြို့လုံးစာ နေရာတွေ အတွက် စီမံထားပြီး ဖြစ်ပါတယ်” ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

စစ်တွေမြို့ခံ သံဃာများက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက်နေ့ ပြုလုပ်မည့် သတင်း ရရှိထားခြင်းကြောင့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း အားလုံးကို ဆုတောင်းပွဲများ၊ လမ်းလျှောက် လှုပ်ရှားမှုများ မပြု
လုပ်ရန် ယခုလ ၂၅ ရက်နေ့တွင် သတိပေးစာများ ပေးပို့ခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် အနီးတဝိုက် နေရာများတွင် လုံခြံုရေး စောင့်ကြည့်မှုများ ပြုလုပ်ထားကြောင်းလည်း အဆိုပါ အရာရှိက မဇ္ဈိမကို ပြောသည်။

မြို့တွင်း ဦးဆောင်၍ လမ်းလျှောက်မည်ဟု သတင်းထွက်နေသည့် မြို့ပေါ် ဘုန်းကြီးကျောင်း ၁၀ ခုကျော်ကို မြို့ခံ အာဏာပိုင်များက ၎င်းတို့ စီမံထားသည့် သံဃာ့ မဟာနာယက အဖွဲ့ဝင် သံဃာတော်များကိုပင့်ဆောင် ၍ အဆိုပါကျောင်းများရှိ ကျောင်းထိုင် ဆရာတော်များနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အာဏာပိုင်များထံမှ သိရသည်။

ထိုအထဲမှ ရွှေစေတီကျောင်း၊ ပုသိမ်ကျောင်း၊ အောင်မြေရတနာ ကျောင်းနှင့် ပညာမဂ္ဂင်ကျောင်း တို့မှ သံဃာတော် များကို စက်တင်ဘာ ၂၆၊ ၂၇ ရက်နေ့များတွင် မြို့ထဲရှိ အခြားကျောင်းများသို့ ဆက်သွယ်ခြင်း၊ ခရီးထွက်ခြင်းနှင့် ဆွမ်းခံထွက်ရန်ကိုပင် တားမြစ်ထားကြောင်း အဆိုပါ ဘုန်းကြီးကျောင်းများနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။

ကျောင်းများမှ သံဃာတော်များသည် ယခုလ ၉ ရက်နေ့က ကျရောက်သည့် ဦးဥတ္တမ နေ့တွင် စစ်တွေမြို့ ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာ အပါး ၃၀၀ ကျော်ကို ဦးဆောင်ချီတက် လမ်းလျောက်ရာတွင် အဓိက ပါဝင်ခဲ့သည့်ကျောင်းများဟုလည်း သိရသည်။

သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ အနီးတွင် ယင်းဘုန်းကြီးကျောင်းများ အနီး၌ ယူနီဖောင်းနှင့်စောင့်ကြည့် နေသည့် ရဲများ အပါအဝင် အရပ်ဝတ်များဖြင့် စောင့်ကြည့်နေ့သည့် ထောက်လှမ်းရေးများလည်း ရှိကြောင်း မြို့ခံ မျက်မြင်များ
က ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျနေသည့် အကျဉ်းသား သံဃာတော်များနှင့် နိုင်ငံရေး အကျဉ်းသား များကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲပြီး အမျိုးသားပန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် အပါအဝင် ပြည်သူလူထု အများစုကကန့်ကွက် နေသည့် မြစ်ဆုံ စီမံကိန်းကို ရပ်တန့်ပေးဖို့ ကိစ္စရပ်များကို ရွှေဝါရောင် နှစ်ပတ်လည်နေ့တွင် မြန်မာ အစိုးရသစ်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးနှင့် သာသနာ့ဥသျှောင် အဖွဲ့တို့က ကြေညာချက်ထုတ် တောင်းဆိုထားသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားများကလည်း ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်နေ့အဖြစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

၂ဝဝ၇ ခုနှစ်က ပခုက္ကူမြို့တွင် အစိုးရဆန့်ကျင် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက်မှု ဖြစ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်တွေ စသည့် မြို့ကြီးများတွင် အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ပေါ်ပေါက် လာခဲ့သည်။

Most read this week