ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုန်ပစ္စည်းများ ဝယ်ယူ ရာတွင် အရစ်ကျ ပေးချေနိုင်မည့် “အငှားဝယ်ယူခွင့်” စနစ်ကို အရောင်းကုမ္ပဏီနှင့် ဘဏ်တို့ ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် မြန်မာဗဟိုဘဏ်က ခွင့်ပြုချက် ပေးလိုက် ပြီးနောက် စိတ်ဝင်စားသည့် ပုဂ္ဂလိက ဘဏ်များက ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
နေပြည်တော်ရှိ ဗဟိုဘဏ် တာဝန်ရှိသူတဦးက " နိုင်ငံပိုင် ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေ အားလုံးကို Hire Purchase (အငှားဝယ်စနစ်) လုပ်လိုပါက ခွင့်ပြုကြောင်း အကြောင်းကြားထားပါတယ်” ဟု မဇ္စျိမသို့ ပြောသည်။
ယင်းအသိပေးချက်က ဗဟိုဘဏ်မှ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များသို့ ယခုလ ၁၅ ရက်နေ့မှစ၍ ပေးပို့ထားကြောင်း သိရသည်။
အငှားဝယ်စနစ်ကို အကောင်အထည် ဖော်လိုသည့် ဘဏ်များ အနေဖြင့် တွဲဖက် လုပ်ကိုင်မည့် အရောင်းကုမ္ပဏီ အမျိုးအစား၊ ယင်းကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်၊ ပစ္စည်းဝယ်လိုသူနှင့် ချေးငွေ ထုတ်ချေးမည့် ဘဏ်တို့အကြား စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာရွက်စာတမ်းများကို ဗဟိုဘဏ်သို့ တင်ပြရမည် ဖြစ်သည်။
ယင်း အချက်အလက်များကို ဗဟိုဘဏ်က ကြည့်ရှု စစ်ဆေးပြီးနောက် အငှားဝယ်စနစ်ကို လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဝန်ထမ်းက ရှင်းပြသည်။
ပုဂ္ဂလိကဘဏ် တဘဏ်ဖြစ်သည့် အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (Asia Green Development) မှ တာဝန် ရှိသူ ဦးရဲမင်းဦးက လာမည့် အောက်တိုဘာ လကုန်ပိုင်းတွင် အငှားဝယ်ယူမှု အစီအစဉ် စတင်နိုင်ရန် ပြင်ဆင်နေကြောင်းပြောသည်။
အငှားဝယ် စနစ်တွင် ဝယ်ယူသူကိုယ်စား ဘဏ်က အရောင်းကုမ္ပဏီသို့ ငွေလက်ငင်း ပေးချေ ပြီးနောက် သတ်မှတ် ကာလအတွင်း ဝယ်ယူသူက ဘဏ်သို့ အရစ်ကျ ငွေပေးချေ သွားရမည့် စနစ်ဖြစ်သည်။ ဘဏ်မှ ငွေချေးငှားထားသည့်အတွက် ငှားရမ်းခကို သီးခြား ကောက်ယူမည် ဖြစ်သည်။ ဘဏ်တိုးနှုန်းဖြင့် ချိတ်ဆက်ခြင်း မရှိဘဲ သီးခြားနှုန်း တခု ရှိမည်ဟု လည်း သိရသည်။
ငှားရမ်းခနှုန်းထားကို ပထမဆုံးပေးချေမူ (down payment) ပေါ်တွင် အခြေခံကာ ကောက်ယူမည် ဖြစ်သည်ဟုလည်း ဦးရဲမင်းဦးက ရှင်းပြသည်။
“ ဒီစနစ်မှာက ချေးငွေချေးတဲ့ အတိုးနှုန်းမျိုး မယူဘူး၊ ဥပမာ ငွေချေးရင် ၁၅ ရာခိုင်နှုန်း၊ ပေးရမယ် ဆိုတာမျိုး မဟုတ် ဘူး။ အငှား စနစ်ရဲ့ ပစ္စည်း ငှားရမ်းခ သီးခြား ကောက်တာ ရှိတယ်၊ ဒီ ငှားရမ်းခ တချို့ ကျနော်တို့ တွက်ချက်နေတုန်း ရှိပါသေးတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်၏ တာဝန်ရှိသူ ဦးရဲမင်းဦးက ပြောသည်။
ဝယ်ယူသူဘက်မှ အလုပ်ရှင် သို့မဟုတ် အရောင်းကုမ္ပဏီက ဘဏ်သို့ အာမခံပေးသည့် စနစ်ကိုကျင့်သုံး သွားမည် ဟုလည်း သိရှိရသည်။
ကိုရဲမင်းဦးက “ဒီစနစ်က တိုင်းပြည်အတွက် လိုအပ်တယ်၊ သေချာတဲ့ အာမခံ စနစ်ကို ကျင့်သုံး မှာပေါ့ ”ဟုပြောဆိုကာ ယခုစနစ် ကျင့်သုံးခြင်းဖြင့် ဘဏ်များအနေဖြင့် ဆုံးရှုံးမှုရှိမည်ဟု မယူဆကြောင်းလည်း ၎င်းက ပြောသည်။
ဝယ်ယူနိုင်မည့် ပစ္စည်းများတွင် အိမ်သုံး ပရိဘောဂ၊ လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်းနစ် ပစ္စည်းနှင့် ကွန်ပြူတာ ပစ္စည်းရောင်းချသည့် ကုမ္ပဏီများနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ် တခု ဖြစ်သည့် ကမ္ဘာဇဘဏ်က ဗဟိုဘဏ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ကမ္ဘာဇဘဏ် တာဝန်ရှိသူ ကိုအောင်ကျော်မျိုးက ပြောသည်။
သြဂုတ်လနှောင်းပိုင်းမှ စတင်သည့် လွှတ်တော် စည်းဝေးပွဲများတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေ တို့အား ခေတ်စနစ်နှင့် အညီ လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွက်ရန် ပြည်ထောင်စု ရှေ့နေရုံးချုပ်နှင့် ညှိနှိုင်း ထားပြီး ဖြစ်ကြောင်း ပြောဆိုပြီးနောက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကလည်း အငှားဝယ် စနစ်ကို ယခု ဖျက်သိမ်းပြီး ဖြစ်သည့် အာရှဓနဘဏ်၊ မြန်မာ
မေဖလာဝါးဘဏ်တို့က ကျင့်သုံးခဲ့ဖူးသော်လည်း ၂ဝဝ၃ ခုနောက်ပိုင်း ဗဟိုဘဏ်က ပိတ်ပင်ခဲ့သည်။