စစ်ပြေငြိမ်းရေး မလွယ်တော့ဟု KIO ဆို

စစ်ပြေငြိမ်းရေး မလွယ်တော့ဟု KIO ဆို
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရ တပ်အင်အား ၈၀၀ ကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တပ်မဟာ ၄ လက်အောက်ခံတပ်များ တိုက်ပွဲ လေးရက်ကြာ ဖြစ်ပွားနေပြီး အစိုးရတပ်များမှ ထိုးစစ်ဆင်လာခြင်းကြောင့် အပစ်ခတ်ရပ်စဲရေး မလွယ်ကူတော့ကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

“စစ်ပွဲတွေ ငြိမ်းဖို့ဆိုတာ လွယ်တော့ မလွယ်တော့ဘူး။ သူတို့ တပ်တွေတာ ရှိနေသရွေ့ကတော့ပြည်တွင်း စစ်မီးက အလားအလာအများကြီး ဖြစ်လာပြီ၊ တပ်မဟာ (၄) မှာ ဖြစ်တဲ့ ကိစ္စဟာ အစိုးရဘက်က ထိုးစစ်ဆင်လာပြီးတော့ တိုက်ခိုက်တဲ့ တိုက်ပွဲပါ။” ဟု ဦးလနန်က မဇ္ဈိမကိုပြောသည်။

မြန်မာအစိုးရ တပ်ဖွဲ့များသည် ၁၂ဝ မမ၊ ၁ဝ၅ မမ၊ ၈၁ မမ၊ ရ၅ မမ စသည့် လက်နက်ကြီး ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး KIO ဘက်မှ ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းဖြစ်နေသည့် တိုက်ပွဲများအတွင်း မြန်မာ အစိုးရဘက်မှာ အနည်းဆုံး ၁ဝဝ ကျဆုံးပြီး ၅ဝ ခန့်ဒဏ်ရာရမှုများ ရှိနေကာ KIO ဘက်မှ စစ်ဗိုလ်တဦး ကျဆုံးနှင့် တပ်သားနှစ်ဦးတို့ ဒဏ်ရာမှုများ ရှိသည်ဟု ဦးလနန်က ဆက်ပြောသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများနှင့် သိန္တီမြို့အခြေစိုက်စစ်ဆင်ရေး နှင့် ကုတ်ကဲရေးဌာန (စကခ) ၁၆ များမှ ခလရ ၄၅၊ ၆၈၊ ၆၉၊ ၁၄၄၊ ၂၉ဝ၊ ခမရ ၅၂၂၊ ၅ဝ၂၊ ၅ဝ၇နှင့် တပ်မ ၉၉ တို့မှ အင်အား ၈ဝဝ ကျော်တို့က KIO ၏ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၂၊ ၈ ၊ ၉တပ်ဖွဲ့များ အကြား ယခုလ၂၃ ရက်နေ့မှ စတင်ကာ တနင်္လာနေ့ထိ ဆက်တိုက်, တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း ဦးလနန်ကဆိုသည်။

KIO အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုသော်လည်း မြန်မာအစိုးရဘက်မှ ယခုလို ထိုးစစ်ဆင် လာမှုသည်နိုင်ငံရေးကို စစ်ရေးနှင့် ဖြေရှင်းရန် ပေါ်လွင်နေပြီး သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေး ထုတ်ပြန်ချက်နှင့် အစိုးရတပ်များ လုပ်ဆောင်မှုသည် ကွဲပြားနေသည်ဟုလည်းသူကပြော သည်။

“ကျနော်တို့ ကေအိုင်အိုကို စစ်နဲ့ ခြိမ်းခြောက်ပြီးမှဘဲ နိုင်ငံရေးကို ဖြေရှင်းမယ်ဆိုရင်လုံးဝ လက်မခံနိုင်ဘူး၊  အခု ဒီပုံစံအတိုင်းဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုကတော့ အလှမ်းကွာဝေးသွားပြီဗျ၊ တိုက်ပွဲကရပ်သွား မဲ့ပုံတော့ မရှိတော့ ဘူး။ အချိန်ကြာတိုက်ဖို့ စစ်မီးက ကြာသွားနိုင်တယ်”ဟု ပြောသည်။

KIO ထိန်းချုပ်ရာနယ်မြေတခုဖြစ်သော ကုတ်ခိုင်မြို့နယ် မန်ဂျေကျေးရွာ အနီးတဝိုက်၊  မူဆယ်မြို့နယ် ဒီမာ၊ ဟူးဖြတ်၊ ဒတ်နိုင်းနှင့် မန်တုံမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။

တိုက်ပွဲများကြောင့် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁ဝ ခုကျော်မှဒေသခံရွာ သားများ တနင်္ဂနွေနေ့မှ စတင်၍ တရုတ်-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသော်လည်း လူဦးရေ စာရင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုမူ မသိရသေးပါ။

ယင်းအပြင် ယခုလ ၂၄ ရက်နေ့ကလည်း KIO ၏ တပ်မဟာ (၃) အောက်မှ တပ်ရင်း ၁၆ နှင့်တရုတ် နယ်စပ်ရှိ လွယ်ဂျယ်အခြေစိုက် ခလရ ၃၄၁ တပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ တချို့ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေမှုများလည်း ရှိနေသည်ဟု သိရသည်။

ထိုစဉ်တွင် ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ သံထည်ပစ္စည်းများ တင်သွင်းလာခြင်းကို ပြီးခဲ့သည့်လက KIO က ထိန်းချုပ်ပိတ်ပင်ခဲ့သဖြင့်  လုပ်ငန်းရပ်ရသည့်အထိ ရှိခဲ့သော်လည်း လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင်များမှ စျေးပိုပေး၍ ဘိလပ်မြေများ ဝယ်ယူနေသည်ဟုလည်း KIO က ပြောသည်။

Most read this week