ရွှေဝါရောင်သင်္ခန်းစာ ဧရာဝတီမှာ အသုံးချဖို့ သံဃာတိုက်တွန်း

ရွှေဝါရောင်သင်္ခန်းစာ ဧရာဝတီမှာ အသုံးချဖို့ သံဃာတိုက်တွန်း
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။        ။ရွှေဝါရောင်တော်လှန် ရေး အရေးနိမ့်ရခြင်း၏ သင်္ခန်းစာအား ယခု ဧရာဝတီ ကယ်တင် ရေး လှုပ်ရှားမှုတွင် သတိချပ် အသုံးချ သွားရန် ရွှေဝါရောင်တော်လှန်ရေး သံဃာတပါးက တိုက်တွန်း လိုက်သည်။

mayka-malika
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးအား စစ်အစိုးရမှ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲခြင်း အကြောင်းအပြင် မိမိအင်အားစုဘက်မှ အားနည်းချက်များကြောင့် မအောင်မြင်ရခြင်း ဖြစ်ကြောင်း နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက်မှ ဦးပညာဇောတ က မဇ္စျိမကို ပြောသည်။

“စက်တင်္ဘာတော်လှန်ရေးက သံဃာ့တော်လှန်ရေးသဘော ပိုပြီးဆောင်သွားတယ်လို့ ပြောရမယ်။ ဦးဇင်းတို့ မန္တလေးမှာဆိုရင် ဦးဇင်းတို့ သံဃာတွေပဲ ထွက်ကြတယ်။ လူတွေက ပါဝင်မှု နည်းတယ်။ ဘာသင်္ခန်းစာ ရလိုက်လဲ ဆိုတော့ တော်လှန်ရေးတရပ်ရဲ့ အားနည်းချက်ဟာ အားလုံး ပါဝင်မလာခြင်းပဲ ဖြစ်တယ်” ဟု ရွှေဝါရောင်တော်လှန်ရေးတွင် မန္တလေး မစိုးရိမ်တိုက်ကြီးမှ ချီတက်ခဲ့သည့် ဦးပညာဇောတ က မိန့်ဆိုသည်။

စက်တင်္ဘာ အရေးအခင်းမှာ ပခုက္ကူသံဃာတော်များအား အာဏာပိုင်များက ရိုက်နှက်ရာက အခြားမြို့ကြီးများသို့ ဆန္ဒပြမှု ကူးစက်သွားခဲ့သည်။

ထိုစဉ်က တောင်းဆိုချက်များအဖြစ် သံဃာများအပေါ် ဝန်ချတောင်းပန်ရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ကုန်စျေးနှုန်းကျဆင်းရေးနှင့် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများအား တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရန် တောင်းဆို လှုပ်ရှားခဲ့ကြသည်။

ယခု မြစ်ဆုံဆည် ကန့်ကွက်မှုတွင်  ပြည်သူတရပ်လုံး ပါဝင်လာမည်ဟု ယုံကြည်ကြောင်း “ဦးဇင်းတို့ တိုင်းပြည်မှာ ဧရာဝတီကို မြတ်နိုးလက်စ အခြေခံကတော့ ရှိပြီးသားပဲ။ အဲဒါကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်လာနိုင်မယ်ဆိုရင် တိုင်းပြည်ကို မြတ်နိုးကြသူတိုင်း ပါဝင်လာကြမှာပဲ။ ရှိပြီးသား ခံစားနိုင်စွမ်းကို ပံ့ပိုးဖော်ထုတ်ပေးနိုင်ရင် တတိုင်းပြည် လုံး ဖြစ်လာမှာပဲလို့ ယုံကြည်တယ်” ဟု ဦးပညာဇောတ ကမိန့် ဆိုသည်။

ရွှေဝါရောင် တော်လှန်ရေး လေးနှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲတခုကို ရွှေဝါရောင် သံဃာတော်များက ဦးစီး၍ နယူးဒေလီမြို့လယ်ရှိ ဂျန်တားမန်တား အရပ်၌ တနင်္လာနေ့ နေ့လည်က ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် လူတရာခန့် ပါဝင်ဆန္ဒပြခဲ့ကြပြီး သံဃာ၊ သီလရှင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ နီးပါး ပြန်လွှတ်ရေး၊ တိုင်းရင်းသားဒေသများတွင် အပစ်အခတ်များ ရပ်စဲရေးနှင့်မြစ်ဆုံရေ ကာတာအား ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။

မြစ်ဆုံရေကာတာ ဆန့်ကျင်ကန့်ကွက်မှုများအား အလေးမမူဘဲ ဆက်လည် တည်ဆောက်မည်ဆိုပါက လူထုဆန္ဒပြပွဲ များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း “မရပ်ဘဲ ဆက်လုပ်မယ်ဆိုရင် လမ်းမပေါ် တက်လာတဲ့ ပြည်သူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒီပြည်သူတွေကို ဘာမှအပြစ်ပြောလို့မရဘူးလို့” ဟု ရွှေဝါရောင်သံဃာက မိန့်ဆိုသွားသည်။

Most read this week