စိုင်တင် ရေအားလျှပ်စစ် စီမံကိန်း ဒီဇိုင်းရေးဆွဲသည့် အဆင့်၌သာ ရှိသေး

စိုင်တင် ရေအားလျှပ်စစ် စီမံကိန်း ဒီဇိုင်းရေးဆွဲသည့် အဆင့်၌သာ ရှိသေး
by -
နိရဥ္စရာ သတင်းဌာန

စီမံကိန်း စတင်တည်ဆောက်နေပြီဟုရခိုင်ပြည်သူ များအကြား ၀ါဒဖြန့်ထားသော အစိုးရ၏ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းမှာ ယခုအချိန်တွင်ဒီဇိုင်း ရေးဆွဲသည့် အဆင့်မှာ သာ ရှိသေးကြောင်း သတင်း ရရှိသည်။

စက်တင်ဘာလ (၂၁) ရက်က တင်သွင်းခဲ့သော တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါင်တာ စံလိူင်၏ ဘူးသီးတောင် မြို့နယ်ရှိ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းမှာ ဒီဇိုင်း ရေးဆွဲသည့် အဆင့်မှာသာ ရှိသေးကြောင်း ယခုလို ပြောကြားသည်။

SieDaung610
" စိုင်းတင် စီမံကိန်းသည် ဘူမိဗေဒအနေထားကြောင့် အကောင်းဆုံးဖြစ်ရန် အတွက် စူးစမ်းလေ့လာခြင်းများ၊ ဒီဇိုင်း ရေးဆွဲခြင်းများ အချိန်ယူ ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် စိုင်းတင်စီမံကိန်းသည် နွေရာသီတွင်လည်း လျှပ်စစ် ဓါတ်အား ပိုမိုရရှိမည့် စီမံကိန်း တစ်ခု ဖြစ်ပါကြောင်း" ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အကြီးမားဆုံး ရေတံခွန်ကြီး တစ်ခု ဖြစ်သော စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းအား ပြန်လည် စတင် အကောင်အထည်ဖေါ် တည်ဆောက်နေပြီဟု ရခိုင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် လက်ခံထားသော်လည်း ယခုအခါ ၀န်ကြီး၏ ဒီဇိုင်းရေးဆွဲသည့် အဆင့်၌သာ ရှိသေးသည်ဟု ပြောဆိုခြင်း ကြောင့် အများစု ပြည်သူများကို စိတ်ပျက်မူ ဖြစ်စေခဲ့ကြောင်း ဘူးသီးတောင်မြို့သင်္ဘောဆိပ် ရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောသည်။

စိုင်းတင် ရေအား လျှပ်စစ် စီမံကိန်အား မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစကပင် အကောင်အထည် ဖေါ် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည် မပေါ်လာသဖြင့် ရခိုင်ပြည်သူများမှာ အစိုးရ၏ ဆောင်ရွက်ချက်များကို စိတ်ပျက်နေပြီး လူမျိုးရေးအရ နှိမ်ထားလိုသဖြင့် ယခုကဲ့သို့ပြုလုပ်ထား ခြင်း ဖြစ်ကြောင်း အစိုးရကို ပြစ်တင် ဝေဖန်လျှက် ရှိနေကြသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ ဒက္ကားမြို့တွင် နေထိုင်နေသော ရန်ကုန် တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးလည်း ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံတွင် မင်းပြား သပိတ်ကော်မီတီ အထွေထွေ အတွင်းရေးမှူး အဖြစ်တာဝန်ယူ ခဲ့သူ ဦးကျော်မြသာ ထိုအမြင်ကို ယခုလို ထပ်လောင်း ပြောဆိုသည်။

" စိုင်းတင်ရေတံခွန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ရေတံခွန် တခုဖြစ်တယ်။ ပထမ အကြီးဆုံးက ဘက်တိုရီးယား ရေတံခွန် ၊ ဒုတိယအကြီးဆုံးက နိုင်ဂျာရေတံခွန်ဖြစ်တယ်။ စိုင်းတင်ရေတံခွန်ဟာ မီဂါ၀ပ်များစွာ ထွက်မှာ ဖြစ်တယ်။ စိုင်းတင်ရေတံခွန်သာ အောင်မြင်လာမယ်ဆိုရင် ရခိုင်ပြည်နယ်တခုလုံးနဲ့ ချင်းပြည်နယ် တခုလုံး လျှပ်စစ်ဓါတ်အားရမှာ ဖြစ်တယ်။ အဲဒီရေတံခွန်ကို ၁၉၅၄ ခုနှစ်ကပင် ဦးနုအစိုးရက ပြည်တော်သာ စီမံကိန်းကို ပြဌာန်းရာမှာ ထည့်သွင်းပြီးတော့ လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့်ပြည်တော်သာ စီမံကိန်းမှာ အစ လောက်ဘဲ လုပ်ခဲ့ပြီးတော့ အင်ဂျင်နီယာနှစ်ယောက်ကို သတ်ပြီးတော့ လျော်ကြေး ဒေါ်လာ ၁၀ သန်းပေးပြီး လုံခြံုမှု မရှိ ဆိုပြီးတော့ ရပ်တန့်ထားခဲ့တယ်။ အဲဒီ စိုင်းတင်ရေတံခွန်ကို နအဖ အစိုးရ လက်ထက်မှာလည်း လုပ်ဖို့ဆိုပြီးတော့ မြန်မာကျပ်ငွေ သန်း ၁၂၀၀ ချပြီးတော့စီမံကိန်းလုပ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အဲဒါကို မလုပ်ဘဲနဲ့ စစ်တပ်တွေ ဖြန့်ကျက်ချထားပြီး ၀ါးတွေ သစ်တွေသာ ထုတ်လုပ် ရောင်းချ နေခဲ့ ကြတယ်။ ဒီစိုင်းတင် ရေတံခွန် လျှပ်စစ် စီမံကိန်းကို မြန်မာ အစိုးရ အဆက်ဆက်ကဘာအတွက် ကြောင့် မလုပ်ချင် သလဲဆိုရင် စိုင်းတင် ရေတံခွန်က ဓါတ်အားအောင်အောင်မြင်မြင်နဲ့ ထွက်လာရင်ရခိုင် ဒေသတခုလုံး လျှပ်စစ် ဓါတ်အားရမယ်။ စက်မှုလက်မှု တိုးတက်လာမယ်။ လူနေမှုအဆင့်မြင့်လာမယ်။ ချင်းပြည်နယ် တောင်ပိုင်း ဒေသ တွေလည်း လူနေမှု အဆင့်အတန်း မြင့်လာမယ်။ အဲဒါတွေကို မမြင်နိုင်တဲ့ အပြင် ရခိုင်ပြည်နယ် မတိုး တက်စေချင်လို့ မြန်မာ စစ်အစိုးရ အဆက်ဆက်ဟာ စိုင်းတင်ရေတံခွန် စီမံကိန်းကို မလုပ်ဘဲ ရပ်တန့်ထားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်သည် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရေတံခွန်များ၊ မြစ်ချောင်းများ အထူးပေါများပြီး သဘာဝ ဓါတ်ငွေ့များလည်း အကြီးအကျယ် ရရှိထားသော ပြည်နယ် တစ်ခု ဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ် စွမ်းအား အနိမ့်ဆုံး သုံးစွဲသော ပြည်နယ်ဖြစ်ပြီး လျှပ်စစ်ဖိုးခမှာ တခြား ပြည်နယ်နှင့် တိုင်းများထက် အဆ နှစ်ဆယ် ပိုပေးရသော ပြည်နယ် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ် ဓါတ်အားကို ဒီဇယ်သုံး ဂျင်နရယ်တာများကို အသုံးပြုပြီး မြို့တိုင်တွင် မီးလင်းရေး ကော်မီတီဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်နေကြရသည်။ အနည်းဆုံး လျှပ်စစ် မီတာ တယူနစ်ကို ၄၀၀ မှ ၁၀၀၀ ကျပ်ထိ ပေးနေရသည်။ ပုဏ္ဍားကျွန်းမြို့တွင် တယူနစ်ကို ၁၀၀၀ ကျပ်ပေးသွင်းနေရသဖြင့် ရခိုင် ပြည်နယ်တွင် သာမက မြန်မာနိုင်ငံတွင်ပါ လျှပ်စစ် မီတာခ အကြီးဆုံး ကျခံနေရသော မြို့ဖြစ်သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် စိုင်းတင်ရေအား လျှပ်စစ်မီမံကိန်းမှာ ရခိုင်ပြည်သူများ မျှော်လင့်ချက် ဖြစ်သဖြင့် အာဏာရရှိလာသော မြန်မာ အစိုးရ အဆက်ဆက်သည် ရခိုင်ပြည်သူများ၏ ထောက်ခံမူကို ရရှိလိုသဖြင့် စိုင်းတင် စီမံကိန်းကို လုပ်ပေးမည်ဟု ဆိုကာ ချွေးသိပ်တတ်ကြောင်း ဦးကျော်မြသာက ပြောသည်။

" အခု တက်လာတဲ့ ဦးသိန်းစိန် အစိုးရကလည်း စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကို နှိင်ငံခြား တိုက်ရိုက် ရင်းနှီး မြုပ်နှံမူ J.V / B.O.T စနစ်နဲ့ ဆောင်ရွက်နိုင်ရေး အတွက် သဘောတူညီမူ စာချွန်လွှာကို ဒီနှစ် ဇန္နဝါရီလ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီလို့ ပြောဆိုပေမယ့် ယုံကြည်လို့ မရသေးဘူး။ အချိန်မရွှေး အကြောင်း အမျိုးမျိုးပြပြီး ဖျက်သိမ်းပစ်နိုင်တယ်" ဟု ပြောသည်။

အမှတ်(၁) လျပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက စိုင်းတင် စီမံကိန်းကို နှိင်ငံခြား တိုက်ရိုက် မြုပ်နှံမူနှင့် J.V / B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် အတွက် သဘော တူညီမူစာချွန်လွှာကို ၁၈-၁-၂၀၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း ။ အဆို စီမံကိန်း နှင့် ပတ်သတ်၍ ဂျပန်နှိင်ငံ NEWJEC ၏ နောက်ဆုံး စူးစမ်း လေ့လာချက်အရ ၂၀၁၀ပြည့်နှစ်တွင် တင်သွင်းသောအစီရင်ခံစာ၌ (၂၃ ဒသမ ၃၅)မဂ္ဂါ၀ပ် (၂)လုံး စုစုပေါင်း (၄၆ ဒသမ ရ)မဂ္ဂါ၀ပ်၊ ခိုင်လုံဓါတ်အား (၂၀) မဂ္ဂါ၀ပ်၊ နှစ်စဉ် ပျမ်းမျှ ဓါတ်အား ထုပ်လုပ်မူမှာ (၂၈၁) GWh၊ စက်၏ စွမ်းဆောင်ရည်(၉၆) ရာခိုင်နူန်းရှိသည်ကို ဖေါ်ပြထားပါကြောင်း၊ စက်တပ်ဆင်မူ လျှော့ကျ သွားသော်လေည်း နှစ်စဉ်ပျမ်းမျှ ဓါတ်အားထုတ်လုပ်မူ တိုးလာပြီး စွမ်းဆောင်ရည် (၉၆) ရာခိုင်နူန်း ရှိသဖြင့် နွေရာသီ၌ပင် လျှပ်စစ်ဓါတ်အား ခိုင်လုံမူ ရရှိ မည်ဟု စူးစမ်း လေ့လာ ဖေါ်ထုတ်တွေ့ရှိထားပါ ကြောင်း ပြောကြားသွားခဲ့သည်။

Most read this week