ချင်းမိုင် (မဇ္စျိမ) ။ ။ ငွေကြေး အခက်အခဲ ကြောင့် ဆောက်လုပ်မှု ကြန့်ကြာနေသောတတိယ မြောက် ရေလှောင် တမံ စီမံကိန်းတခုမှာစစ်ကိုင်း တိုင်း ကလေးမြို့နယ်မှ မဏိပူရ ဘက်စုံရေလှောင် တမံ စီမံကိန်း ဖြစ်သည်ဟု လယ်ယာ ဆည်မြောင်း ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြောသည်။
ဒီဇင်ဘာ ၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော်လည်း လက်ရှိ အချိန်ထိ ဒီဇိုင်းရေးဆွဲသည့် အဆင့်သာ ရှိသေးရာ ယခုနှစ်ကုန် တွင် လုပ်ငန်းအားလုံး၏ ၁၃.၅၃ ရာခိုင်နှုန်းသာ ပြီးစီးမည်ဟု အောက်လွှတ်တော်တွင် ကြာသပတေးနေ့က ကြံ့ခိုင်ဖွ့ံဖြိုးရေး ပါတီမှ အမတ် ဦးတင်လှိုင်က မေးမြန်းမှုကို ဒုဝန်ကြီးဦးခင်ဇော်က ဖြေကြားရာတွင် ပါရှိသည်။
ဦးခင်ဇော် အပြောအရ မဏိပူရမြစ်ပေါ်၌ တည်ဆောက်သည့် ရေလှောင်တမံ စီမံကိန်းမှာ ကုန်ကျစားရိတ် လျော့ချ လိုက်ဟန် ရှိသည်။ လယ်မြေဧက ၅၀၀၀၀ ကိုရေပေးနိုင်ပြီး လျှပ်စစ်အား မဂ္ဂါဝပ် ၃၈၀ ထုတ်ရန် လျာထားသည်ဟု သူက လွှတ်တော်တွင် ပြောသွားသည်။
၂ဝဝ၄ ခုနှစ်က စီမံကိန်း နေရာသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက် စစ်ဆေးသည် ဆိုသော နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ သတင်းတရပ်တွင်မူ စိုက်ပျိုးဧက ၁၀၀၀၀၀ ကို ရေပေး နိုင်ပြီး ရေအားလျှပ်စစ် မဂ္ဂါဝပ် ၅၄၀ ထုတ်ရန်အတွက် ဖြစ်သည်ဟု ရေးသားထားခဲ့သည်။
မဏိပူရ ရေလှောင်တမံ စီမံကိန်းမှာ လက်ရှိ ကျင်းပနေသော ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွင်း မေးမြန်းသူ ရှိသဖြင့် ပေါ်လာသော တတိယမြောက် စီမံကိန်းတခု ဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုလ်ရေလှောင်တမံနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံများ ဆောက်လုပ်မှုသည်လည်း အလားတူပင် ကြန့်ကြာနေသည်။
လယ်ယာကဏ္ဍများနှင့်ပတ်သက်သည့် ကြာသာပတေးနေ့က မေးခွန်းများအတွင်း စစ်ကိုင်းတိုင်း ဝက် လက်မြို့နယ်ရှိ လယ်မြေများ မိုးရာသီအတွင်း ရေလွှမ်းရေလျှံမှုနှင့် မန္တလေးတိုင်း မြစ်သားမြို့ရှိ ပန်းလောင်မြစ်ဖြတ် စမာရေလွှဲဆည်၌ သဲနုတ်ရေတံခါးတခုတည်ဆောက်ရန်ကိစ္စလည်း မေးမြန်းမှု များ ရှိခဲ့သည်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ လယ်ယာဧက ၁ဝ၁၂၇၉ ကို မိုးတွင်း ရေလျှံမှုမှ လျော့ချနိုင်ရန် တည်ဆောက်ထားသော်လည်း ရေသွားရေလာမကောင်းသည့် ပြဿဒ်၊ ပင်းတာရိုး နှင့် အောင်တပ်ကုန်း စသည့်ရေထုတ်ချောင်း သုံးခုအနက် ပြဿဒ်ရေထုတ်ချောင်း တခုကိုသာ တူးဖော်ပေးသဖြင့် လယ်များ ရေလွှမ်းခံနေရဆဲ ဖြစ်သည်ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ ဝက်လက်အမတ် သူရဦးအေးမြင့်က ပြောသည်။
ဝက်လက်မြို့နယ်အတွင်းမှ လယ်ယာများသို့ ရွှေဘိုခရိုင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင် တမံမှ ရေကို ကာဘိုးရေလွှဲဆည်မှတဆင့် ရေပေးနေခြင်းဖြစ်ပြီး မိုးရေချိန် လေးလက်မ အထက်ရွာပါ က ရေထုတ်ချောင်း များ ပိတ်ဆို့သဖြင့် ယင်းဆည်ရေသောက်လယ်များ ရေလွှမ်းမိုးလေ့ရှိသည် ကိုမူ ဝန်ကြီးကဝန်ခံသော် လည်း ကျန်ရေထုတ်ချောင်းနှစ်ခုကို တူးဖော်ပေးရန်မှာမူ ငွေအခက်အခဲရှိသည်ဟု ဖြေကြားသွားသည်။
အရှည် ၁၉ မိုင်ရှိ ပင်းတာရိုး ရေထုတ်ချောင်း နှင့် ၂၁ မိုင်ရှိ အောင်တပ်ကုန်း ရေထုတ်ချောင်းတို့ကို တူးဖော် ပြီးပါက လယ်ဧက ၁၂၅ဝ ရေမြှုတ်မှုမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။
၁၉၉၇-၉၈ ခုကတည်းစခဲ့ပြီး လေး နှစ်သက်တမ်းရှိပြီ ဖြစ်သည့် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ ပန်းလောင်းမြစ်ကို ဖြတ်တည်ထားပြီး လယ်ယာများကို ရေပေးနေသောစမာရေလွှဲ ဆည်တွင်လည်း ဗေဒါနှင့် ဒိုက်ပင် အမှိုက်များ ဖယ်ရှားခြင်း၊ သဲနုန်းတူးဖော်ခြင်းတို့ကို လည်းငွေကြေး အခက်ခဲကြောင့် ယခုထိ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်ကိုလည်း ဒုဝန်ကြီး ဦးခင်ဇော်က မြစ်သားအမတ် ဦးကြည်မောင်ကို ဖြေကြားသွားသည်။
ထို့ပြင် ရေလွှဲဆည်၏ အရှေ့ဘက်တွင် သဲနုတ် ရေတံခါးတခု တပ်ဆင်ရန် ခွင့်ပြုချက် ရထားသော်လည်း ငွေမချပေး သေးသည့် ကိစ္စနှင့်ပတ်သက်၍လည်း မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒလေ့လာ ခြင်းလုပ် ငန်းပြီးစီးနေကာ ဒီဇိုင်းပုံစံ များတော့ အဆင်သင့်ရှိနေပြီဟု ပါရှိသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေး လိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံ ကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည် ဟု အောက်လွှတ်တော်
ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကို ပြောထားသည်။