နယ်စပ်က ရွာလေးတရွာထဲ ကျနော်အလည်ရောက် နေစဉ် အိမ်တအိမ်ထဲမှာ ဖွင့်ထားတဲ့သီချင်းသံလေး ကို ကျနော် ကြားလိုက်ရပါတယ်။ သီချင်းကိုနားစွေ့ နားထောင်ကြည့်တော့ “သံလွင် သံလွင်ကိုထိမ်းသိမ်း ကာကွယ်စို့” ဆိုတာကို ကြားလိုက်ရပါတယ်။
နယ်စပ်က ရွာလေးတရွာထဲ ကျနော် အလည်ရောက်နေစဉ် အိမ်တအိမ်ထဲမှာ ဖွင့်ထားတဲ့ သီချင်းသံလေးကို ကျနော် ကြားလိုက်ရပါတယ်။ သီချင်းကို နားစွေ့နားထောင်ကြည့်တော့ “သံလွင် သံလွင်ကို ထိမ်းသိမ်းကာ ကွယ်စို့” ဆိုတာကို ကြားလိုက်ရပါတယ်။ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို)မှ ထုတ်ဝေထားတဲ့ “ပြန်လာခဲ့ပါ လောပိတ” သီချင်း စီးရီးခွေထဲက သီချင်း တပုဒ်ပါ။ သီချင်းရဲ့ စာသား၊ တီးခတ်သံနဲ့ သီဆိုသူ အသံ အင်မတန် လိုက်ဖက်ပြီး နားထောင်ရတာ ဆွဲဆောင်မှု အပြည့်နဲ့ စဉ်းစားစရာ၊ တွေးတောစရာတွေ စိတ်ထဲ ဖြစ်ပေါ်စေပါတယ်။ ကျနော့် အတွေးထဲမှာ “သူတို့က အပျော်ပဲ သီချင်းကို ဖွင့်နားထောင်ကြတာလား သို့မဟုတ် တကယ်လေးလေးနက်နက် ကြည့်ရှုနားထောင်နေတာလား” အဲဒီမေးခွန်းဟာ ကနေ့အထိ ကျနော် အဖြေရှာလို့ မရသေးတဲ့ ပုစ္ဆာန်တပုဒ် ဖြစ်နေဆဲပါပဲ။
ဟုတ်ပါတယ်။ တကယ်တော့ ကျနော်တို့တတွေ နှစ်ပေါင်းရာပေါင်းထောင်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ကရင်နီနယ်ဟာ သဘာဝရှုခင်းအလှတွေ၊ ထင်ရှားတဲ့ ကျွန်းတောတွေနဲ့ သဘာဝမြစ်ချောင်း အင်းအိုင်တွေ တည်ရှိခဲ့တဲ့ နေရာ ဒေသတခုပါ။ ဒေသရဲ့ အလှကို သီကုံးဖေါ်ကျူးပေးတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ လူကြီးသူမတို့ရဲ တဘောင်တွေ အများအပြား ကြားဖူးနားထောင်ဖူးနေကြမှာပါ။ ဒီလိုတန်ဖိုး မဖြတ်နိုင်တဲ့ လက်ဆင့်ကမ်း ဘိုးဘွားပိုင် အမွေအနှစ်တွေ မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် သူဟာ ဒေသအတွင်း မှီတင်းနေထိုင်လာသူ ကျနော်တို့တတွေပဲ ဖြစ်ပါတယ်။
ကျနော်တို့တတွေဟာ အသိတရား ခေါင်းပါးပြီး သဘာဝရဲ့ အကျိုးကျေးဇူးကို မသိနားမလည်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် သဘာဝကို လိုတာထက် ပိုအောင် အသုံးပြုခြင်း၊ ထိမ်းသိမ်းစောင့်ရှောက်ခြင်း မပြုရင် ဆုံးရှုံးပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လောင်စာစွမ်းရည် ဖြည့်စွက်ပေးဖို့အတွက် ပထမဦးဆုံး တည်ဆောက်တဲ့ ရေကာတာကြီးဟာ လူသိများတဲ့ “မိုးဗြဲ ရေကာတာ” ဖြစ်ပါတယ်။ မိုးဗြဲ ရေကာတာကို ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲ တည်ဆောက်ပြီး ရေအားလျပ်စစ်စက်ရုံကိုတော့ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အင်းလေးကန်မှတဆင့် ဖယ်ခုံမြို့နယ်ကို ဖြတ်ပြီး ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ထဲ စီဆင်းလာတဲ့ ဘီလူးချောင်းဟာ ဆည်မဖို့ခင်မှာ သဘာဝရှုခင်းတွေ၊ သားငါးတိရိစ္ဆာန်တွေ ပေါများတယ်လို့ သိရပါတယ်။ အလွန်သာယာတဲ့ လောပိတ ရေတံခွန် တည်ရှိခဲ့တယ်လို့ သိရပါတယ်။ ရေကာတာ တည်ဆောက်ပြီးတဲ့နောက်ပိုင်း ဒါတွေ အားလုံးပျောက်ကွယ်သွားပါတယ်။
အဲဒီလောပိတ စီမံကိန်း မတည်ဆောက်မှီ လူထုကို စည်းရုံးဟောပြောချိန် ပြောထားတဲ့ မြန်မာအစိုးရရဲ့ ဂတိဂဝတ်တွေဟာ ဘာတခုမှ မဖြစ်လာပါဘူး။ ဒေသခံတွေ လျှပ်စစ်မီးနဲ့ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေ ပေးမယ်ဆိုတာဟာ လက်တွေ့မှာ မဖြစ်လာခဲ့ပါဘူး။ ဒါ့အပြင် စီမံကိန်း လုံခြံုရေးအတွက် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခြင်းကြောင့် ဒေသခံတွေ အခုချိန်အထိ သေကြေဒုက္ခရောက်နေကြရပါတယ်။ လျှပ်စစ်မီး ၈ဝ ရာခိုင်နှုံန်းဟာ ပြည်မ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးဘက်ကို ပို့ဆောင်ပေးပြီး ဒေသခံတွေဟာ အမှောင်ထုဘဝအဖြစ် နေထိုင်လာခဲ့ကြရပါတယ်။ ကွယ်လွန်သူနိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်ရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ “ဖြတ်ကာသွားတယ် မနားတယ်” ဟာ ဒေသခံတွေရဲ့ လျှပ်စစ်မီးအတွက်အကျိုးမခံစား ရမှုအပေါ် ထင်ဟပ်စေတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ လျှပ်စစ်မီး မရတာကြောင့်ဒေသခံ တွေဟာ လောင်စာအတွက် ထင်းကို ယနေ့အထိ အဓိက သုံးစွဲနေကြရပါတယ်။ ၂ဝဝ၈ ခုနှစ်တုံးက လူငယ်တွေရဲ့ ရင်ထဲကနေ ထွက်ပေါ်လာတဲ့ ခံစားချက်အတိုင်း လွိုင်ကော်မြို့ လမ်းဘေးမှာ စိုက်ထူထားခဲ့တဲ့ “လျပ်စစ်မြို့တော် ဒို့လွိုင်ကော်” ဆိုက်ဘုတ်ရဲ့ အောက်မှာ လူငယ်တွေက “ဖယောင်းတိုင် ဆောင်ထား ဒို့မမှား” ဆိုတဲ့ စာသားလေးကို ထပ်ဆင့် ရေးချပေးလိုက်ပါတယ်။ ဒါဟာ လျပ်စစ်မီး မလုံမလောက် ဖြစ်ခဲ့ရတဲ့ အကြောင်းကို လွိုကော်မြို့ခံတွေနဲ့ စာကျက်တဲ့ ကျောင်းသားလူငယ်တွေက အသိဆုံး ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ် လွိုင်ကော်မြို့ခံ တဦးက “လျပ်စစ် မီးပေးတာဟာ ခရမ်းချဉ်သီး မီးလောက်ပဲ ဖြစ်တယ်။ ပြီးတော့ ပြတ်တောက်ပြတ်တောက် ဖြစ်တယ်။ မီးပုံမမှန်ပါဘူး။ အစိုးရရုံးတွေ၊ စစ်တပ် အဆောက်အဦးတွေကိုပဲ မီးပုံမှန်ရတာပါ” လို့ ပြောပြခဲ့ဖူးပါတယ်။ မြို့ထဲတောင်မှ ဒီလိုဖြစ်တယ်ဆိုတော့ တောရွာတွေမှာတော့ အားလုံးသိတဲ့ အတိုင်းပါပဲ ကျောက်ခေတ်ထဲက လူသားရဲ့ ဘဝနဲ့ သိပ်ကွာဟမယ် မထင်ဘူး။
ဒီလိုစွမ်းအင်လောင်စာ ပြဿနာနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ၂ဝဝ၇ ခုနှစ် မင်းကိုနိုင်နဲ့ တခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး လောင်စာဆီနဲ့ ကုန်စျေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုပေါ်ပေါက် ရင်း ရွေဝါရောင် တော်လှန်ရေးအဖြစ် လူသိများတဲ့ လူထုလှုပ်ရှားမှု တရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကို လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ လျပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းရဲ့ စကား တခွန်း ဖြစ်တဲ့ “ကျနော်တို့ နိုင်ငံမှာ လျှပ်စစ်စွမ်းအင်တွေ လုံလောက်ပြီ ဖြစ်တဲ့အတွက် အခုအခါ ထုတ်လုပ်တဲ့ လျှပ်စစ် စွမ်းအင်တွေကို နိုင်ငံခြားသို့ ရောင်းစားနေရပါတယ်” ဆိုတာဟာပြည်သူလူထုအားလုံး အတွက် မေးခွန်းထုတ်စရာ ပြောဆိုချက်တခု ဖြစ်လာပါတယ်။ တကယ်ပဲ စွမ်းအင်တွေ လောင်စာတွေ မြန်မာပြည်မှာ အလုံအလောက် ရှိနေပြီလား၊ တကယ့်အောက်ခြေ လူထုဘဝကို လုံးဝမသိနားမလည်တဲ့ အသိဉာဏ် နည်းတဲ့ ခေါင်းဆောင်တဦး ဖြစ်နေသလား၊ သို့မဟုတ် သိလျက်နဲ့ တမင်သကာ ပြောဆိုနေတာလား ဆိုတာ ကျနော်တို့ အားလုံး ဆန်းစစ်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်နယ်တွေထဲမှာ ကရင်နီပြည်နယ်ဟာ အသေးငယ်ဆုံးနဲ့ လူဦးရေ အနည်းဆုံး ပြည်နယ် ဖြစ်ခဲ့ပါတယ်။ တည်ဆောက်ပြီး လောပိတ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းရဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင် ထက်ဝက် ရာခိုင်နှုန်း ပေးမယ်ဆိုရင် ကရင်နီပြည်နယ်အတွက် လုံလောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ လျှပ်စစ်မီးကို တခြားဒေသ မီးလင်းပေးပြီး ဒေသခံကို အမှောင်ထဲ သွင်းထားခဲ့တာဟာ နှစ်ပေါင်း ၅ဝ ကျော်သွားပါပြီ။ ဒါ့အပြင် ကရင်နီပြည်နယ်ထဲမှာ နောက်ထပ် ရေကာတာ ၃ ခု ထပ်ဆောက်မယ်ဆိုတာ ဒေသခံတွေအဖို့ လုံးဝ လက်ခံနိုင်တဲ့ ကိစ္စ မဖြစ်တော့ပါ။ လွိုင်ကော်မြို့နယ် မြောက်ပိုင်းရှိ သဘက်ချောင်း၊ ဘောလခဲမြို့နယ်အတွင်းရှိ ပွန်ချောင်းနဲ့ သံလွင်မြစ် (ရွာသစ်) ရေကာတာ အသီးသီး တည်ဆောက်ဖို့ မြန်မာအစိုးရနဲ့ တရုတ်နိုင်ငံ၏ အကြီးစား ရေအားလျှပ်စစ်ကုမ္ပဏီကြီး (Datang Corporation) ဒါတန်းကော်ပိုရေးရှင်းတို့က ၂ဝ၁ဝ နှစ်ဆန်းပိုင်းမှာ နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြပါတယ်။
ကျနော်တို့ အနေနဲ့ အလေးအနက် စဉ်းစားရမှာက ဒီလိုကြီးကြီးမားမား ရေကာတာတွေဟာ ကျနော်တို့ အမှန်တကယ် လိုအပ်ပါသလား၊ ဒီလိုရေကာတာ အများအပြား ဆောက်လုပ်ရင် ဘာဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်မလဲ ဆိုတာကို အလေးအနက် စဉ်းစားဖို့ လိုအပ်ပါတယ်။ ပြီးတော့ လူထုအတွက် ဘာအကျိုးရှိမလဲ။ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ရှောင်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ကောင်းကျိုးက နည်းပြီး ဆိုးကျိုးဖက်က များမယ်ဆိုရင် မလုပ်တာ အကောင်းဆုံး ဖြစ်တယ်။ မလုပ်ဆောင်အောင်လည်း ပြည်သူလူထုကိုယ်တိုင် ဝိုင်းဝန်းတားဆီးကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် အဖတ်မဆယ်နိုင်တဲ့ ဆုံးရှုံးနစ်နာမှု တရပ် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မကြာသေးတဲ့ အချိန်ကာလအတွင်း မိုးဗြဲဆည် ရေလျှံမှုနဲ့ မိုးဗြဲဆည် ရေလွတ်ချမှုကြောင့် လွိုင်ကော်မြို့ ဘီလူးချောင်း ဘေးနားနေရာတွေမှာ မကြုံစဖူး ရေးလွမ်းမိုးတဲ့ အန္တရာယ်တွေ ကြုံတွေ့နေရပါတယ်။ မိုးဗြဲဆည် ပြိုကျမယ့် ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို မကြုံစဖူး ရေကြီးမှုနဲ့ မခန့်မှန်းနိုင်တဲ့ အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်း စတဲ့ ပြဿနာတွေ ပိုပြီး ဖြစ်ပွားဖို့ များလာမှာ ဖြစ်တယ်။ ဒါဟာ တကမ္ဘာလုံး စိတ်ပူနေတဲ့ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာ တရပ်ပဲ ဖြစ်ပါတယ်။ အခုနှစ်စပိုင်းမှာ အင်အား ရ ဒဿမ ၈ ငလျှင်အား တခု ရှမ်းပြည်နယ် တာချီလိပ်မြို့နယ်အတွင်း လှုပ်ခါသွားတဲ့အတွက်ကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ကြရပြီး ဖြစ်ပါတယ်။ ထိုငလျှင်မျိုးဆိုရင် မိုးဗြဲဆည်လား၊ အခု အသစ် တည်ဆောက်မယ့် ရွာသစ်ဆည်လား၊ ဘယ်ဆည်မှ ခံနိုင်မှာ မဟုတ်ဘူး။ နောက်တခုက ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (ကေဒီအာရ်ဂျီ)ရဲ့ အခုနှစ်ဦးပိုင်း ထုတ်ပြန်ထားတဲ့ ရွာသစ်ဆည် အကြောင်းနဲ့ ပါတ်သက်တဲ့ အစီရင်ခံစာထဲမှာ ကရင်နီပြည်နယ်ဟာ ငလျင်ကျောပေါ် တည်ရှိတဲ့အတွက် အချိန်မရွေး ငလျှင်ကြီးငယ် လှုပ်ခါနိုင်တဲ့အတွက်ကြောင့် အခုလို ဆည်ကြီးကြီးမားမား ဆောက်ရင် အန္တရာယ် သိပ်ကြီးပါတယ်။
ဒါကြောင့် ဒီလိုအပျက်အစီး များတဲ့ ဆည်ကြီးတွေ ဆောက်မယ့်အစား ထိခိုက်ပျက်စီးမှု နည်းတဲ့ အသေးစား တပိုင်တနိုင် ရေအားလျှပ်စစ် စီမံကိန်းတွေ၊ နေရောင်ခြည် ဆိုလာပြားတွေကို အသုံးပြုပြီး လိုအပ်တဲ့ လျှပ်စစ် ထုတ်လုပ်သွားနိုင်ရင် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ လျှပ်စစ်ကို လိုအပ်သလောက် အသုံးပြုဖို့ထက် ငွေကို ကြည့်ပြီး ရောင်းစားခြင်းဟာ လူမိုက် အလုပ်ပဲ ဖြစ်ပြီး ရေရှည်မှာ မမျှော်မှန်းနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တသီတတန်းကြီး လိုက်လာနိုင်ပါတယ်။
ကရင်နီအမျိုးသားလူငယ်မှ ထုတ်ဝေတဲ့ သီချင်းထဲက “ထိန်းသိမ်းစို့” ဆိုတဲ့ သီချင်းလေး တပုဒ်ရဲ့ အနစ်သာရဟာ မိမိတို့အတွက် အားလုံး သတိဝိရိယနဲ့ ကိုယ့်သဘာဝ ပါတ်ဝန်းကျင်၊ တောတောင်ရေမြေကို ပြန်လည်ထိန်းသိမ်းဖို့ နှိုးဆော်ထားတဲ့ သီချင်း တပုဒ် ဖြစ်တဲ့အတွက် ကျနော်တို့ ကရင်နီတွေ အနေနဲ့လည်း စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ရှိဖို့ လိုအပ်ကြောင်း ထပ်ဆင့်နှိုးဆော်အသိပေးလိုက်ပါတယ်။