ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ချင်းပြည်နယ်ထဲက မြို့တစ်မြို့ကို သွားရောက်လည်ပတ်

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ချင်းပြည်နယ်ထဲက မြို့တစ်မြို့ကို သွားရောက်လည်ပတ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအနေ ဖြင့် ယခုလ ၁၆ ရက်နေ့က ချင်းပြည်နယ်ပလက်ဝ မြို့သို့ သွားရောက်ခဲ့သည်။

Paletwachin-state
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ပလက်ဝမြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် သာမက မြို့မိ မြို့ဖများနှင့် ပါ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့မှာ ယခင်က ရခိုင်ပြည်နယ်ထဲမှ တောင်တန်းဒေသ မြို့တစ်ခု ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ချင်းပြည်နယ်ထဲသို့ ရခိုင်ပြည်နယ်ထဲမှ ဖဲ့ထုတ် ထည့်သွင်းခံခဲ့ရသည်။

ယခုကဲ့သို့ ချင်းပြည်နယ်တွင် ပါ၀င်သော မြို့တစ်ခုသို့ ရခိုင်ပြည်နယ် ၀န်ကြီး သွားရောက်ခြင်းမှာ လုပ်ရိုး လုပ်စဉ် မဟုတ်သဖြင့် အများက တအံ့တသြဖြစ်နေကြသည်ဟု သိရသည်။

" ပလက်ဝကို ရခိုင်ပြည်နယ် ၀န်ကြီးသွားတော့ လူတွေကတော့ အံံ့သြနေကြတာပေါ့လေ။ ရခိုင်တွေကတော့ ပလက်ဝဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တစ်မြို့ ဖြစ်တဲ့ အတွက် ကိုယ်ပြည်နယ်ထဲမှာ ပြန်ပါကို လိုချင် ကြတာ ပေါ့လေ။ ရခိုင်ပြည်နယ်ထဲက ဒေသ အတော်များများကို ဟိုကဖဲ့ယူ၊ ဒီကဖဲ့ယူုနဲ့ အခု ရခိုင်ပြည်နယ်က ဇီးရွက် ကလေး သာသာဘဲ ရှိပါတော့တယ်" ဟု ကျောက်တော်မြို့မှ ဦးသာကျော်လှက ပြောသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်မှ ဖဲ့ထုတ်ပြီး ချင်းပြည်နယ်ထဲ ထည့်သွင်းခဲ့ခြင်းမှာ အုပ်ချုပ်သူများက ချင်းနှင့် ရခိုင်ကို ရန်တိုက်ပေးရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဟု ရခိုင်များက အမြင်ရှိကြသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် အဆိုပါနေ့ ညနေ (၅) နာရီတွင် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ တွင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သော်လည်း သူသွားရောက်လည်ပတ် ရခြင်း၏ အဓိက အကြောင်းအရာကို တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိကြောင်း သိရသည်။

Most read this week