ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်သောဂတ်စ် ရခိုင်တွင် သုံးမလားဟု လွှတ်တော်တွင် ရခိုင်

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်သောဂတ်စ် ရခိုင်တွင် သုံးမလားဟု လွှတ်တော်တွင် ရခိုင်
by -
စံလင်း

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဦးကျော် ကျော်က အမျိုးသားလွှတ်တော်တွင် ရခိုင် ကမ်းလွန် ဒေသမှ တူးဖေါ်နေသော သဘာဝဓါတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တွင် လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး ပေးဝေရန် အစီအစဉ် ရှိ- မရှိ စက်တင်္ဘာလ ၁၉ ရက်နေ့က မေးမြန်ခဲ့ကြောင်း သတင်း ရရှိသည်။

Shwe-gas-Pipelines-Burma
ဦးကျော်ကျော်မှ ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်စေရန် ကျောက်ဖြူ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရရှိမှုကို အခြေခံ၍ ရခိုင်ပြည်နယ်တွင် မဟာလျှပ်စစ်ဓာတ်အားလိုင်း ရရှိရေး စီမံ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဦးကျော်ကျော်၏ အမေးကို ယခုလို ဖြေကြားခဲ့သည်ဟု သိရသည်။

" ရခိုင် ကမ်းလွန် ဒေသတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်အတွက် ရွှေစီမံကိန်း လုပ်ငန်းကွက်အမည်နှင့် ကိုရီးယားနိုင်ငံ ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ဦးဆောင်၍ အိန္ဒိယနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့မှ အသီးသီး စုစည်း ဆောင်ရွက်လျက် ရှိပါသည်" ဟု စတင် ဖြေကြားသည်ဟု သိရသည်။

၎င်းနောက် ၀န်ကြီးက " စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည့် သတင်းအရ ရခိုင်ပြည်နယ် ကမ်းလွန် ဒေသ ရေတိမ်ပိုင်းနှင့် ရေနက်ပိုင်း လုပ်ကွက်တို့တွင် ကိုရီးယားနိုင်ငံမှ လည်းကောင်း၊ KMDC ကုမ္ပဏီ သည် စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte နှင့် ပူးပေါင်း၍လည်းကောင်း၊ တရုတ်ပြ ည်သူ့ သမ္မတနိုင်ငံ CNPC ကုမ္ပဏီသည် လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ESSAR ကုမ္ပဏီသည် လည်းကောင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်းပိုင်း လုပ်ကွက် စစ်တွေဒေသ တွင် အိန္ဒိယ နိုင်ငံ ESSAR ကုမ္ပဏီမှ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အထက်ဖော်ပြပါ လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တွေ့ရှိရန် အလားအလာကောင်းများ ရှိနေပါ၍ လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များ တွေ့ရှိသည့် အခါတွင် ရခိုင်ပြည်နယ်၌လျှပ်စစ်ဓာတ်အား အတွက် သုံးစွဲခွင့်ရရှိရေး အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း" ဖြေကြားသည်။

၀န်ကြီးက ဆက်ပြီး " ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားအပြည့် အဝ အသုံးပြုနိုင်ရေး အတွက် သူဌေးချောင်း၊ အမ်း၊ လေးမြို့၊ စိုင်ဒင်စသည့် ရေအားလျှပ်စစ်စီမံကိန်းများ ချမှတ်ထားပြီး လေ့လာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းများမှ ထွက်လာမည့်လျှပ်စစ်ဓာတ် အား ပမာဏသည် ဒေသတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာအသုံးပြုနိုင် မည်ဖြစ်ပြီး ပိုလျှံသည့် ဓာတ်အားများကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက် ပို့လွှတ် သွားနိုင်မည်ဖြ စ်ပါကြောင်း၊ ယင်းစီမံကိန်းများနှင့် ဆက်စပ်၍ (၂၃၀) ကေဗွီ မဟာ ဓာတ်အားလိုင်းကြီးများ၊ ပင်မ ဓာတ်အား ခွဲရုံကြီးများ တည်ဆောက်ကာ ဓာတ်အားကွန်ရက်တစ်ခု တည်ဆောက်ရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါကြောင်း" ပြောကြားသည်။

နောက်ဆုံး အနေဖြင့် ၀န်ကြီးက " သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို တောင်ကုတ်၊ မအီ၊ ကျောက်ဖြူ၊ အမ်းမြို့များသို့လည်းကောင်း၊ ရခိုင် ပြည်နယ် မြောက်ပိုင်းမှ လေးမြို့ရေအားလျှပ်စစ် စီမံကိန်းတို့မှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို ကျောက်တော်မြို့နှင့် ယင်းမှတစ်ဆင့် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင် နှင့် မောင်တောမြို့များ သို့လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်နှင့် ပိုလျှံလာမည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်စီမံကိန်း များ လျာထားပြီးဖြစ်ပါကြောင်းနှင့် လိုအပ်သည့်အခြေအနေ ရောက်ရှိမှသာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် လည်ပတ်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း" ဖြေကြားသည်။

ရခိုင်ပြည်နယ်တွင် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းမှ ရရှိသော လျှပ်စစ်ဓါတ်အားကို စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပေါက်တောမြို့၊ ဘူးသီးတောင်နှင့် မောင်တောမြို့များ သို့ ဖြန့်ဖြူးပေးမည်ဟု ဆိုသော်လည်း ယခု အချိန်ထိ အဆိုပါ စီမံကိန်းကို စတင် လုပ်ကိုင်ခြင်း မရှိသေးကြောင်း သိရသည်။

တခြားစီမံကိန်းများလည်း အနည်းဆုံး (၁၀) နှစ်ခန့်ကြာမြှင့်နိုင်သဖြင့် ၀န်ကြီး၏ ဖြေကြားချက်ကို ထောက်ရှု့ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အား အပြည့် အဝ ရရှိရေးမှာ ဆယ်စုနှစ်နှင့် ချီပြီး အချိန်ကြာမြှင့်နိုင်ကြောင်း သုံးသပ် တွေ့ရှိရသည်။

Most read this week