မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီးပြော

မြစ်ဆုံဆည်စီမံကိန်း လွှတ်တော်နှင့် အစိုးရပေါ် မူတည်ဟု ဝန်ကြီးပြော
by -
မဇ္စျိမသတင်းဌာန

နယူးဒေလီ (မဇ္စျိမ) ။       ။ မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စအား လွှတ်တော် အသီးသီး ပေါ်ပေါက် နေပြီ ဖြစ်သည့် အတွက် လွှတ်တော်နှင့် အစိုးရအဖွဲ့ ၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဆက်လက်ဆောင် ရွက်သွား မည်ဟု လျှပ်စစ် ၁ ဝန်ကြီး ဦးဇော် မင်းက ပြောဆိုလိုက်သည်။

meetlotdaw0101

“ယခုအခါ ပြည်သူက ရွေးချယ်ထားသော လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီဖြစ်သဖြင့် လွှတ်တော်၏ သဘော ထား အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဥပဒေနှင့် အညီ ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု စက်တင်ဘာလ ၁၇ ရက်နေ့က “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ” ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုသွားသည်ဟု စက်တင်ဘာ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံဆည်စီမံကိန်းမှာ နိုင်ငံတော် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနှင့် စက်မှုဖွံ့ဖြိုးရေး အတွက် လုပ်သင့်သည့် စီမံကိန်းဖြစ်ကြောင်းနှင့် လေ့လာမှုများ ပြုလုပ်နေချိန်တွင် ချီဗွေစီမံကိန်းအား ဦးစွာ လုပ်ဆောင်လျှင် ရ၊ မရကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

စီမံကိန်းလုပ်ဆောင်ချိန်၊ စီမံကိန်းလည်ပတ်ချိန်အထိ ဆက်လက် လေ့လာမည်ဖြစ်ပြီး မြစ်ဝကျွန်း အပေါ် အထိလေ့လာသွားရန် စီစဉ်ထားကြောင်း၊ ယခုအချိန် သပိတ်ကျင်းမြို့ အထိလေ့လာနေဆဲဖြစ် ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဇော်မင်းက ပြောသည်။။

သို့သော်  မြစ်ဆုံဆည်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကို ပြန်လည် သုံးသပ်ရန်နှင့် သုံးသပ်ချိန် တွင်ဆည်များ ရပ်တန့်ထားရန် တောင်းဆိုမှုများ ရှိနေပြီး  ပြည်သူ့ဆန္ဒခံယူပွဲဖြင့်သာ ရယူသင့်ကြောင်း ကန့်ကွက်သူများက ပြောသည်။

“လွှတ်တော်ဆုံးဖြတ်ချက်နဲ့ မလုံလောက်ပါဘူး။ ဒီထက်ကို ပိုကျယ်ပြန့်အောင် လုပ်မယ်ဆိုရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပလို့ ရပါတယ်။” ဟု ဧရာဝတီလက်မှတ်ထိုးကမ်ပိန်းဦးဆောင်နေသည့် ကိုမျိုးရန်နောင်သိမ်းက မဇ္စျိမကိုပြောသည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။  ဆည်စီမံကိန်းအတွက် မေခမြစ် အပိုင်းတွင်တာငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိသည်။

ဆည်စီမံကိန်းကြောင့် အထက်ပိုင်းရေဝပ်ဒေသများတွင် ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် သက်ရောက်မှု များကို စီမံကိန်း ကုမ္ဗဏီများက လုပ်ဆောင်ပေးသည့် နည်းတူ မြစ်ကြောင်း တလျှောက်တွင်လည်း စီမံကိန်းကြောင့်ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို ကုမ္ပဏီကပင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် သဘောတူ စာချုပ်တွင် လည်း ယင်းအချက်ကို ထည့်သွင်းချုပ်ဆိုထားကြောင်း ဦးဇော်မင်းက ပြောသည်။

ထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့် အန္တရာယ်ရှိမှုနှင့် ပတ်သက်၍ လုံးဝအန္တရာယ်မရှိပါဟု အာမခံနိုင်သော အဆင့်ဖြစ်သွားအောင် ဆောင်ရွက်မည်ပြီး မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ခွင့်ပြုထားသည့်ရွှေတူး ဖော်ရေး လုပ်ငန်းများကိုလည်း သက်တမ်း ကုန်ဆုံးလျှင် ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် တနိုင်ငံလုံး၌ လျှပ်စစ်ထုတ်လုပ်နိုင်အား မဂ္ဂါဝပ် ၃၃၆ဝ ရှိနေပြီး ဓာတ်အားသွယ်လိုင်း ခံနိုင်ရည်နှင့် လိုအပ်ချက်အရ မဂ္ဂါဝပ် ၁၅ဝဝ ကျော်သာ ထုတ်လုပ်နိုင်သည်။  ယခုလက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်းရွှေကျင်၊ ကွန်း၊ ဖြူး၊ သောက်ရေခပ် (၂)၊ နန်ချို၊ အထက်ပေါင်း လောင်း၊ ဘီလူးချောင်း (၃)၊ အထက်ဘီလူးချောင်း၊ ချီဗွေငယ်စီမံကိန်း ကိုးခုပြီးစီးနိုင်ပြီး မဂ္ဂါဝပ် ၆၅၅ အထိတိုးမြှင့်ရရှိမည်ဖြစ်ကြောင်း လည်း ဝန်ကြီး၏ စကားကို ကိုးကား၍ သတင်းစာတွင် ဖော်ပြထားသည်။

ထိခိုက်မှုများနိုင်၍ အများတားမြစ်နေသည့်ကြားမှပင် လုပ်ကိုင်မှုနေသည် ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင် နေပြီး လွှတ်တော်တွင်း ယင်းကိစ္စကို ဆုံးဖြတ်ပါကလည်း ကြံ့ခိုင်ရေးပါတီမှ အများစုဖြစ်နေသည့်အတွက် လက်ခံနိုင် ဖွယ်မရှိကြောင်း လွှတ်တော်ပြင်ပ အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှခေါင်းဆောင် တဦး ဖြစ်သော ဦးဝင်းတင်က ပြောသည်။

“လွှတ်တော်ထဲမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်ဆိုတာ ဒါလည်း ကျနော်တို့ကတော့ လက်မခံနိုင်ဘူး။ ဘာလို့ဆိုတော့ လွှတ်တော်ထဲက ဘယ်သူတွေ ရှိသလဲဆိုတော့ သူတို့တွေပဲ ရှိတာ။ ကြံ့ဖွံ့တွေပဲ ရှိတာ။ လွှတ်တော်ထဲ တင်လိုက်ရင် လွှတ်တော်ထဲကနေပြီးတော့ ဒီအတိုင်းဆုံးဖြတ်မှာပဲ။ ဆုံးဖြတ်လိုက်လို့ ဆုံးဖြတ်ချက်ကျသွားပြီး ဒီဟာကြီးကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် မြစ်ဆုံဆည်လုပ်ငန်းဟာ တရားဝင် လုပ်ကိုင်နိုင်အောင် လိုင်စင်ပေးတာနဲ့ အတူတူပဲ”

Most read this week