သမ္မတ၏ အထူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘူးသီးတောင်ထောင်မှ ဘိန်းမှောင်ခိုသမား ၁၆ ဦး လွတ်မြှောက်လာ

သမ္မတ၏ အထူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘူးသီးတောင်ထောင်မှ ဘိန်းမှောင်ခိုသမား ၁၆ ဦး လွတ်မြှောက်လာ
by -
တာကလူး

ဘိန်းမှောင်ခို ကုန်ကူးမှုဖြင့် ဖမ်းဆီးထောင်ချ ခံနေရသူ ၁၆ ဦးကို သမ္မတ၏ အထူး လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ် တရပ်ဖြင့် များမကြာခင်က ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ပေးလိုက် သည် ဟု သတင်း ရရှိသည်။

Buthidaung-Prisonအဆိုပါ အကျဉ်းသား (၁၆)ဦးမှာ ရှမ်းပြည် မြောက်ပိုင်းဒေသမှ "၀" လူမျိုးများဖြစ်ကြပြီး၊ သူတို့၏ ထောင်သက်တမ်းကို အထူး လျှော့ပေါ့ ကာ ယခုလ (၉)ရက်နေ့ သောကြာနေ့ နံနက်က ဘူသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"သူတို့က ရှမ်းပြည်မြောက်ပိုင်းက "၀" လူမျိုးတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဘိန်းမှောင်ခိုမှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းဆီးပြီးတော့ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ သူတို့ အတွက် လွတ်ရက်စေ့ဖို့က အချိန်အများကြီးလိုပါသေးတယ်။ ဒါပေမယ့် နေပြည်တော်ကလာတဲ့ အမိန့်အရ အထူးလျှော့ရက်တွေ ပေးပြီး ဒီ သောကြာနေ့ နံနက် ရးဝဝ နာရီကနေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေ စစ်တွေ၊ စစ်တွေကနေ သူတို့ရဲ့ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပို့ပေးလိုက်တယ်လို့ ကြားသိရပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ဘိန်းမှောင်ခိုသမား (၁၆)ဦးကို ၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်၌ ပြုလုပ်ခဲ့ သည့် ဘိန်းစစ်ဆင်ရေး တစ်ခု အတွင်း အလေးချိန်အားဖြင့် ကီလိုဂရမ် ၅၀၀ ကျော်ခန့်ရှိသည့် ဘိန်းဘ လောက်တုံး ၁၀၀၀ နီးပါးနှင့် အတူ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ၂၀၀၅ ခု စက်တင်ဘာလ ၂၂ ရက်နေ့တွင် မူးယစ်ဥပဒေပုဒ်မ ၁၉ (က) ဖြင့် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး နောက်ပိုင်း အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်သို့ လွှဲပြောင်း ထောင်ချခဲ့ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဘူးသီးတောင်မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

သူတို့၏ ထောင်သက်တမ်းမှာ ၆ နှစ် နီးပါးခန့်သာ ရှိသေးသော်လည်း နေပြည်တော် အကျဉ်းဦးစီးဌာန၏ အမိန့်အရ အထူး လျော့ပေါ့ရက်များ ပေးကာ လွတ်ပေးလိုက်ခြင်း ဖြစ်သည်။

" သူတို့ကို သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ယခုနှစ် မေလ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွမ်းငြိမ်း ချမ်းသာခွင့် အမိန့်အမှတ် ၂၈/၂၀၁၁ အရ ဘူးသီးတောင်အကျဉ်းထောင်မှ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ထပ်လောင်း ပြောဆိုသည်။

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အများဆုံး ဘိန်းထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူများ အတွက် အခြေကုပ်လှုပ်ရှားရန် အဓိက နိုင်ငံဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက်ပိုင်း တစ်ရက်အကြာတွင် ယခုကဲ့သို့ ဘိန်းမှောင်ခို သမားများကိုအထူး လျော့ပေါ့ရက်များပေးပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းပြင် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အများပြည်သူများ လိုလားနေသော နိုင်ငံရေး သမားများ အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ ဘိန်းမှောင်ခိုသမားများနှင့် ရာဇဝတ်သားများအတွက် ဖြစ်နေသဖြင့် ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အပေါ် ပြည်ပတွင်း ပြည်ပတွင် မေးခွန်း ထုတ်လျှက် ရှိသည်။

Most read this week