KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် ကချင်ပြည် နယ်အတွင်းမှ တရုတ်နယ်စပ်ဘက် ထွက် ပြေး ရောက်ရှိ လာသည့် ကချင်စစ်ပြေးဒုက္ခ သည် ၂၁၀၀၀ခန့်ရှိပြီး လက်ရှိတွင်လူမှုရေးပြဿနာ များကြုံတွေ့ နေရကြောင်း စစ်ပြေးဒုက္ခသည် ကူညီ စောင့် ရှောက်ရေးကွန်ယက် (RANIR) မှ ကချင် လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဒုက္ခသည်အရေးမှာ ရေရှည်လာပြီဖြစ်သဖြင့် ကျန်းမာရေး ၊ ပညာရေး ၊ စားဝတ်နေရေးအခက်အခဲများ နှင့် လူမှုရေး ပြဿနာများပါ ဖြစ်ပေါ်နေပြီး နိုင်ငံတကာအကူအညီ လိုအပ်နေသည်ဟု သူက ဆိုသည်။
“အချိန်က ၃ ၊ ၄လကြာလာပြီဆိုတော့ ဒေသခံတွေကူညီထောက်ပံ့တာနဲ့ မလုံလောက်တော့ဘူး ။ နိုင်ငံတကာထောက်ပံ့မှုက လိုကိုလိုအပ်လာတယ်။ ဟောခန်းတွေမှာ မိသားစုတွေ စုပြုံပြီးအတူနေ ရတာဆိုတော့ မလိုလားအပ်တဲ့ လူမှုရေး ပြဿ နာတွေလည်း ဖြစ်လာတယ်” ဟု ဆိုသည်။
အဓိကအားဖြင့် KIO အဖွဲ့မှ ကူညီထောက်ပံ့နေခြင်းဖြစ်ပြီး ဒေသခံအလှူရှင်တချို့နှင့်နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ ယာ ယီ အကူအညီတချို့ ရရှိကြောင်း သိရသည်။
“နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက အိမ်ခြေ ၂၀၀ ကျော်အတွက် မိုးကာတွေထောက်ပံ့ထားတာရှိတယ်။ လိုင်ဇာကနေ ၅ မိုင်လောက်ဝေးတဲ့နေရာမှာ တဲတွေဆောက်နေတာရှိတယ်။ ဒါပေမဲ့အဲဒါလည်းမိုးကာ တွေက ဆွေးကုန်ပြီ။ တဲဆောက်တဲ့ နေရာမှာ ငွေကြေးလည်းလိုအပ်တယ် ”
“နောက်ပြီး မြန်မြန်ဆန်ဆန် ရွေ့ပြောင်းပေးဖို့ မတတ်နိုင်တာ၊ စားနပ်ရိက္ခာအခက်အခဲတွေ ၊ ကလေးမီး ဖွားစ အမျိုးသမီး တွေ အဟာရချို့တဲ့တာတွေ ၊ ကလေးတွေပညာရေးကိစ္စ ကျောင်း ၃ခု အသစ် ပြန်ဆောက်ရတာ လည်းရှိတယ်။ ကလေး တွေရဲ့ပညာရေးကိစ္စတွေကျောင်းရဲ့လိုအပ်တဲ့ ဟာတွေ အခက်အခဲဖြစ်နေတယ် ” ဟု သူက ဆိုသည်။
ထို့အပြင် အတူနေဒုက္ခသည် မိသားစုများအကြား အငြင်းပွားခိုက်ရန်ဖြစ်မှုများ ၊ အမျိုးသမီးငယ်များ၏ လိင်ပိုင်း ဆိုင်ရာ ချိုး ဖေါက်ခံရမှုများလည်း ရှိသည်ဟု ဆိုသည်။
“လူမှုရေးပြဿနာဆိုတာက အငြင်းပွားတာမျိုး ရန်ဖြစ်တာမျိုးတွေ ၁၀ ကျော်သက် အမျိုးသမီးငယ် လေးတွေရဲ့ လိင်ပိုင်း ဆိုင်ရာ ချိုးဖေါက်ခံရတာမျိုးတွေလည်း တွေ့လာရတယ်။လူကုန်ကူးမှုပြဿနာ တွေကလည်း နဂိုက တည်းက ရှိနေတာ ဆိုတော့ အခုချိန်မှာလည်း ဖြစ်လာနိုင်တယ်။မိသားစုလွတ် လပ် မှု မရှိတာတွေ ဖြစ်လာတာ ပေါ့နော်” ဟု ဆိုသည်။
အဆိုပါ ပြဿနာများကို မကိုင်တွယ်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သူက ခန့်မှန်း ပြောဆိုသည် ။
“မထောက်ပံ့နိုင်ရင် ဖြစ်လာနိုင်တာက တရုတ်ပြည်ကို ခိုးထွက်သွားနိုင်တယ်။တရုတ်စကား မတတ် ဘူး။ တရုတ် တရား ဥပဒေကိုမသိဘူး။ တရုတ်ပြည်မှာကလည်း ရွေ့ပြောင်း အလုပ်သမားတွေအတွက် စီစဉ်ထားတာလည်း မရှိဘူးဆိုတော့ ခေါင်းပုံဖြတ်ခံရတာ ၊ တရားဥပဒေချိုးဖေါက်လို့ အရေးယူခံရတာ ၊ လူကုန်ကူးခံရတာ နောက်ပြီး ပြည့်တန်ဆာလို ကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ် ” ဟု သူကဆက်ပြော သည် ။