ရမ္မာဝတီ အရှင်ပညာစာရ အမူ လျှောက်လဲချက် နေပြည်တော်တွင် ကြားနာမည်

ရမ္မာဝတီ အရှင်ပညာစာရ အမူ လျှောက်လဲချက် နေပြည်တော်တွင် ကြားနာမည်
by -
နိရဥ္စရာ သတင်းဌာန

သရက်ထောင်တွင် ဖမ်းဆီး ထောင်ချခံထားရသူ ရမ္မာဝတီ အရှင်ပညာစာရ အမူပြင်ဆင်လျှောက်လဲ ချက် ကို နေပြည်တော် တရားရုံးတွင် ယခုလ ၂၈ ရက်နေ့၌ လက်ခံသင့် မခံသင့်ကြားနာ စစ်ဆေးမည် ဖြစ် ကြောင်း သတင်း ရရှိသည်။

Panyarsara-နိရဥ္စရာမှ သတင်း ရရှိပြီးနောက် ဆရာတော်၏ အမူအား လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်အား ဆက်သွယ်မေးမြန်းရာ ဆရာမကြီးက ယခုလို ပြောသည်။

" အခု လုပ်တာက တရားရုံးရဲ့ လုပ်ရိုး လုပ်စဉ်အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလ ၂၈ ရက်နေ့မှာတော့ တရားလိုဘက်က လျှောက်လဲချက်ကို ကြားနာသင့် မသင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျွန်မလည်း နေပြည်တော်သို့ သွားရောက်ပြီး လျှောက်လဲမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

အခုလို လျှောက်လဲ သဖြင့် ဆရာတော်၏ အမူမှာ မည်သို့ ဖြစ်လာနိုင်ပါသလဲဟု ဆက်မေးရာဆရာမကြီး က ယခုလို နိရဥ္စရာသို့ ပြောသည်။

" အမူ ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန်မတို့မှာ ပြောပိုင်ခွင့် မရှိသလို ပြောလို့လည်း မရဘူး။ တရားရုံးရဲ့ ဆုံးဖြတ်ချက် မထွက်ခင်မှာ ဘာကိုမှ ကျွန်မတို့ ကြိုပြောလို့ မရဘူး။ ဒါကြောင့် ဘယ်လိုဖြစ်လာမလဲဆို တာ ကျွန်မတို့ မသိပါဘူး" ဟု ပြောသည်။

ဆရာတော်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်လည်း ဆရာမကြီးက ယခုလို ပြောသည်။

" အခုက သွားတွေ့တဲ့သူလည်း မရှိဘူး။ ကျွန်မ ကိုယ်တိုင်လည်း မသွားနိုင်ဘူး။ ဒါကြောင့် ဆရာတော်ရဲ့ အခြေအနေက ဘယ်လိုရှိနေတယ်ဆိုတာကို ကျွန်မလည်း မသိပါဘူး" ဟု ပြောသည်။

၎င်းပြင် ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်ထံမှ သိမ်းဆည်းသွားသော ရခိုင်ရှေးဟောင်းယဉ်ကျေး မူ အမွေအနှစ်များအား တရားရုံး တင်ရာတွင် ပါ၀င်ပါသလားဟု မေးမြန်းရာ ဆရာမကြီးကယခုလိုပြော သည်။

" ကျွန်မတို့မှာ ဒါတွေကို ပြောပိုင်ခွင့်မရှိပါ။ ဒါကြောင့် ဒီပစ္စည်းတွေနဲ့ ပတ်သက်ပြီး တခြား နေရာတွေကို မေးတာက ပိုသင့်တော်ပါလိမ့်မယ်" ဟု ဖြေကြားသည်။

ဆရာတော် အရှင် ရမ္မာဝတီ ပညာစာရအား ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးစဉ် ရခိုင်ရှေး ဟောင်း ယဉ်ကျေးမူ အနုပညာ လက်ရာများအား ဖမ်းဆီးသူ အာဏာပိုင်များက သိမ်းယူသွားခဲ့သည်။ ထိုအထဲတွင် ရှေးဟောင်း ရွှေဒင်္ဂါး ငွေဒင်္ဂါးများ၊ ဘုရားရုပ်ထုတော်များ၊ ပေစာ ပုရပိုက်စာများ၊ဆေးကျမ်း များနှင့် တန်ဖိုး မဖြတ်နိုင်သော ရာဇဝင်ကျမ်းများ ပါ၀င်သွားခဲ့သည်။

ဆရာတော်နှင့် နီးစပ်သူများ အပြောအရ အဆိုပါ ပစ္စည်းများကို တရားရုံးတော်သို့ တင်ပြခဲ့ခြင်းလည်း မရှိကြောင်းနှင့် ယခုအခါ အဆိုပါ ပစ္စည်းများမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အရှင် ရမ္မာဝတီပညာစာရအား စစ်တွေခရိုင် တရားရုံးက ၂၀၁၀ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် အမူပေါင်း ၅ မူဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၈ နှစ်နှင့် သုံးလ ချမှတ်ခဲ့သည်။

Most read this week