နိုင်ငံရေး သီချင်းဖွင့်သူ သုံးဘီး ဒရိုင်ဘာ ဖမ်းဆီး တရားစွဲခံရ

နိုင်ငံရေး သီချင်းဖွင့်သူ သုံးဘီး ဒရိုင်ဘာ ဖမ်းဆီး တရားစွဲခံရ
by -
နိရဥ္စရာ သတင်းဌာန

စစ်တွေမြို့မှ သုံးဘီးဆိုင်ကယ် ဒရိုင်ဘာ တစ်ဦးအား "မအေး နှစ်ပြား မတန်" နိုင်ငံရေး သီချင်းအား ဖွင့်ပြီး လမ်းပေါ်တွင် သုံးဘီး မောင်းနှင်မူကြောင့်ရဲက ဖမ်းဆီး တရားစွဲဆိုလိုက်ကြောင်း သိရသည်။

စစ်တွေ မြို့မ ရုပ်ရှင်ရုံရှေ့တွင် ထရပ်တာ တစီးမောင်နှင်သွားလာနေစဉ်။ (ဓါတ်ပုံ- နိရဥ္စရာ)
ဖမ်းဆီး တရားစွဲဆိုခံရသူမှာ ကိုထွန်းထွန်းစိုး ဖြစ်ပြီး စစ်တွေမြို့ လမ်းမတော်တောင် ရပ်ကွက်တွင် အိမ်ဌား နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

" သူ့က ဒီလ ၁၀ ရက်နေ့ စစ်တွေမြို့ လမ်းမအတိုင်း မအေးနှစ်ပြား မတန် သီချင်းဖွင့်ပြီးသုံးဘီးဆိုင်ကယ် နဲ့ မောင်းနှင် သွားလာနေစဉ်မှာ ရဲက လိုက်လာပြီး ရိုးမဘဏ်အနားရှိ သုံးဘီးဂိတ်မှာ ဖမ်းဆီး လိုက်ပါ တယ်။ ဖမ်းဆီးပြီတဲ့ နောက်သူ့ကို ရဲစခန်းကို ခေါ်သွားပြီး တရားစွဲဆို အမူဖွင့် ပါတယ်" ဟု သူနှင့် ရင်းနှီးသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးပြီးနောက် သူ့အား တရားရုံတင်ခဲ့ကြောင်း၊ ယခုအခါ ငွေ ၅၀၀၀၀ အာမခံ ဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ စက်တင်္ဘာလ ၁၈ ရက်နေ့တွင် နောက်ထပ် တရားရုံး ရုံးချိန်းရှိကြောင်း သူက ပြောသည်။

ကိုထွန်းထွန်းစိုးအား ဖမ်းဆီးစဉ် ရဲက ခြိမ်းခြောက်မူများလည်း ရှိကြောင်း သူက ပြောသည်။

" သူ့ကို တားမြစ်ထားတဲ့ နိုင်ငံရေး သီချင်း ဖွင့်ရင် ဖမ်းဆီး ထောင်ချလို့ ရတယ်ဆိုတာ ခင်ဗျားမသိဘူး လား။ ဒီသီချင်း ဘယ်သူ့ဆီကရတာလဲ စသဖြင့့် စစ်ဆေးမေးမြန်း ပါတယ်။ သူ့က အသံ သွင်းဆိုင် တစ်ခုက ရတာပါ။ မသိတဲ့ အတွက် ဖွင့်မိတာ ဖြစ်တယ်လို့ ပြောဆိုတဲ့ အခါ သူ့ကို အခု အရက်သေစာ သောက်စားပြီး ယာဉ်မောင်းနှင်တဲ့ ဆိုတဲ့ အမူနဲ့ ရဲက တရားစွဲဆိုပါတယ်" ဟု သူက ပြောသည်။

သူ့ကို ဖမ်းဆီးပြီးနောက် စစ်တွေ အမှတ် (၁) ရဲစခန်းမှ ရဲသားများသည် ဆိုင်ကယ်ပေါ်မှ ဆီသုံးဂါလံကို နုတ်ယူထားလိုက်ပြီး ဆောင်းဘောက်နှင့် စီဒီ အောက်စက် တလုံးကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။

" မအေး နှစ်ပြားမတန် သီချင်းက ဗမာသီချင်းပါ။ ပြည်ပက ထုတ်တယ်လို့ သိရပါတယ်။ ဒီသီချင်းကို ဖွင့်တဲ့ အတွက် အဖမ်းခံရပြီးတော့ မနက်ဖြန်မှာတော့ ရုံးချိန်းထပ်ရှိပါတယ်။ ဘယ်လို ဖြစ်လာမလဲဆို တာတော့ မပြောတတ်ဘူး။ သောက်စား မူးယစ်ပြီး တက်စီမောင်းတယ်ဆိုကာ အရေးယူချင်လည်း ယူနိုင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဖမ်းဆီး တရားစွဲခံရသူ ကိုထွန်းထွန်းစိုးမှာ ပေါက်တောမြို့နယ် အလယ်ချောင််း ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။

Most read this week