သမ္မတ ဦးသိန်းစိန်ရုံုး၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမြင့်က ကချင်ပြည်နယ်ရှိမြစ် ဆုံရေ ကာတာ စီမံကိန်းနှင့် ပတ်သက်၍ရေးသား ပေးပို့လာသော စာတစောင်ဖြစ်ပါသည်။
ဒေါက်တာမြင့်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သော ကချင်ခေါင်းဆောင် တဦး၏ သားဖြစ်သူ ဒူဝါဇော်ဂမ်နှင့် လွန်ခဲ့သော တနှစ်ကျော်ကျော်က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့သည်။
နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂ဝ၁ဝ ပြည့်နှစ် ကြာသပတေးနေ့ ၊ နံနက်ပိုင်း (၉:၁၅) နေအိမ် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
ပင်လုံ စာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ Duwa Zau Gam ၏ အမြင်နှင့် ပြောဆိုချက်။
Howa-Duma-Zau-Gam၁၉၈၇ ခုနှစ်တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေ ကြားတော့ ဘာမှန်းလဲ မသိ၊ ထွက်ပြေးမယ် လုပ်ပြီး အပြင်ကို ကြည့်လိုက်တော့မှ ရေတွေနဲ့ အတူတူညောင်ပင်ကြီး တွေ၊ သစ်ပင် ကြီးတွေ မျောပါ လာတာ တွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း သဲကန္တာရ လို သဲတွေ ဖုံးကျန်ခဲ့ပြီးတော့၊ တော်တော်နဲ ့ပြန်ပြီး စိုက်ပျိုးစားလို့ မရတော့ဘူး။ ဗန်းမော်၊ စိန်လုံဖက်မှာ လည်း တောင်ကြီးတွေ၊ မြေပြို ကျပြီး သစ်ပင်တွေ၊ ရေထဲမျောပါတာ ကြံုတွေ့ဖူးတယ်။
“မော်ရို” ဆိုတာ ကချင်စကား၊ တောင်တွေ ကွဲပြီး ပြိုကျတာကို ပြောတာ။ ၂ဝဝ၄ ခုနှစ်ရေကြီးတုန်းက လည်း “ကျိန်ခရမ်” ရေအား လျှပ်စစ်က ခြောက်နေရာတောင် တောင်ကွဲပြီး ပြိုကျတာ။ ရေတံခွန်လိုပဲ ရေလုံးကြီးတွေ တောင်ပေါ်က “ဝုန်း” ကနဲပြိုကျတာ၊ သစ်ပင်ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး။ မကြာခင်မှာပဲ “တန်ဖရဲ” ချောင်းဘေးနားက အိမ်တွေ အကုန်ရေထဲ မျောပါသွားပြီ။ ဒါတွေကိုမြင်ဘူး၊ ကြံုဘူးတော့၊ ဘဝမှာ ဒါတွေဟာ မီးမောင်းထိုးပြသလို ကြောက်စိတ်တွေ၊ ဒဏ်ရာတွေ အဖြစ်ကျန်ခဲ့တယ်။
ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ ထိုးချလိုက်သလိုပဲ။ အသံကျယ်ကြီးတွေကြားရပြီး ဟိုဖက်နားက ကပ်ပြီးကျော်သွားတယ်။ ငလျှင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့ အတိုင်းပဲ။အဲဒီတုန်း ကမြင်ကွင်းနဲ့ ခံစားချက်တွေဟာ ခုထက်ထိစိတ်ထဲမှာ ဒဏ်ရာဖြစ်နေတယ်။ ရေဟာခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့လုံးဝ မရဘူး။ ရေစီးက တအားမြန်တယ်။
ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။
ဘဝမှာကြံုဘူးတော့ ဒါတွေကိုတွေးရင်တောင် ကြောက်တယ်။ ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူကအာမ ခံံနိုင်မှာလဲ။ တရုတ် ခေါင်းဆောင်တွေလား။ ဗမာ ခေါင်းဆောင်တွေလား။ နေရာတိုင်း၊ အလုပ် တိုင်းမှာ အကျိုးနဲ့အပြစ် ဆိုတာရှိပါတယ်။ ဆိုးကျိုး၊ ကောင်းကျိုးတွေပေါ့။ ဒီရေကာတာ လုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ဘယ်သူရမှာလဲ၊ သူတို့ယူသွားမှာ၊ ဆိုးကျိုးဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ။
ငွေရှိလို့ ပြန်လည် ထူထောင်နိုင်တယ် ဆိုရင်တောင် အိုးအိမ်တွေပဲ ပြန်ဆောက်လို့ ရမယ်။စိတ်မှာဖြစ် သွားတဲ့ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ပြန်ထူထောင်ဖို့ မလွယ်ဘူး။ သူတို့ တိုင်းပြည်မှာ ဒါတွေကြံုပြီးပြီ။ သင်ခန်းစာတွေ တပုံကြီးနဲ့၊ စိတ်ဓါတ်ကျ၊ ကြေက်စိတ်ဝင်သွားတဲ့လူတွေရဲ့ကျဆင်းသွား တဲ့ စိတ်ဓါတ်ခွန်အား၊ လုပ်အား အားလုံးဟာ တိုင်းပြည်နဲ့ချီပြီး နစ်နာတယ်။ ဆိုတော့ကာ ...နိုင်ငံတော် ကရမဲ့ ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေး နစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား။ ဒီလို မဖြစ်စေရပါဘူးလို့ ဘယ်သူက အာမခံနိုင်လဲ။ ကိုယ့်အတွက် ကောင်းကျိုးက အလွန်နည်းပြီး ဆိုးကျိုးများနေတဲ့ ကိစ္စကို ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်... အားလုံး ဝိုင်းကန့်ကွက်ဖို့ လိုတယ်။
ဒီကနေ ကားဆီးပြီး ရေကာတာ ပိတ်လိုက်ရင် တောတောင်တွေထဲက သယ်ဆောင်လာတဲ့မြေသြဇာ တွေအားလုံး ဒီရေကာတာထဲမှာ ကျန်ခဲ့မယ်။ အောက်ပိုင်းကလူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစားလို့ ကောင်းမှာ မဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီထိပဲ၊ တတိုင်းပြည်လုံး ဒုက္ခရောက်မဲ့ကိစ္စ အားလုံးနဲ့ ဆိုင်တယ်။
တရုတ် စကားပုံရှိတယ် “သေဖို့ မကြောက်ဘူး၊ ငတ်ဖို့ (မစားရ)မှာ ကြောက်တယ်။” အသက်ရှင်နေစဉ် ကောင်းကောင်းစား၊ ဝဝစားနေချင်တဲ့စိတ်ဓါတ်၊ နောင်အတွက် မစဉ်းစားဘူး။ ညီအကို၊သားအဖစိတ် တောင် မထားကြဘူး။ တော်တော်ကြောက်ဖို့ ကောင်းတယ်။
ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြံုရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ခေါင်းဆောင် တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ကိစ္စဖြစ် သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြေက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးက များနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြံုပြုခဲ့တယ်။ အရင်ဆုံးလက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။
တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ အားလုံးဝိုင်းဝန်း တိုင်ပင် စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန်သမ္မာ ကျမ်းစာထဲမှာ ရေးထားတာ ရှိတယ်။
“တိုင်ပင်ခြင်းမရှိတဲ့ အလုပ်(စီမံကိန်း)ဟာ ပျက်စီးတတ်တယ်။” များများ တိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများ ရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကို သိစေချင်တယ်။
သဘာဝဘေးဒဏ် (ဆည်ကျိုးပေါက်မဲ့ ကိစ္စ၊ ရေများလာလို့၊ ငလျှင်လှုပ်လို့ .... အခြား...) သဘာဝဘေးဒဏ်ဆိုတာ
* မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။
* ကြိုပြီး တားထားလို့ မရဘူး။
* ဖြစ်ရင်လဲ တားဆီးလို့ မရ။
* ဘယ်လောက် အတိုင်းအတာထိလဲ ဆိုတာ တွက်ချက်လို့မရ။
ဒါကြောင့်မို့လို့ ဒီလုပ်ငန်း(Project) ကို အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး လိုမယ်လို့ မထင်ဘူး။ လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့ အဖက်ဖက်မှာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ်စားမဝင် အိပ်မပျော်ဘဲ အသက်ရှင်နေရတယ်။