ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန််မာနိုင်ငံ မြောက်ဖျားရှိ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လက်တည် ဆောက်သွားမည်ဟု သံဓိဋ္ဌာန်ချထားသူ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးဇော်မင်းမှအငြင်းပွား နေသည့် ဆည်စီမံကိန်းနှင့် ပတ်သက်၍ရှင်း လင်းပြောကြားရန် လွှတ်တော်နှစ်ရပ်မှအမတ် အချို့ကိုသာ ရွေးချယ် ဖိတ်ကြားထားသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC တွင် စနေနေ့ နေ့လည် ၁ နာရီတွင် ဦးဇော်မင်းမှ မြစ်ဆုံဆည် စီမံကိန်းအကြောင်း အမတ်များကို ရှင်းလင်းတင်ပြမည်ဖြစ်ရာ အထက်လွှတ်တော်မှ အမတ် ၁၀ ယောက်နှင့် အောက်လွှတ်တော်မှ ရ ယောက်တို့ကိုသာ ဖိတ်ကြားထားကြောင်း အမတ်များ ကပြောသည်။ အစောပိုင်းက အောက်လွှတ်တော်တွင် အမတ်များ အားလုံး တက်ရောက်ရန် တိုက်တွန်းခဲ့သော်လည်း သောကြာနေ့ ညနေဘက်တွင် အစီအစဉ် ပြောင်းသွားခဲ့သည်။
သောကြာနေ့ အထက်လွှတ်တော် ဆွေးနွေးပွဲတွင် ဦးခင်အောင်မြင့်က မြစ်ဆုံရေကာတာသည် အရေးကြီးသည့် ကိစ္စတခု ဖြစ်လာနေပြီး၊ လျှပ်စစ် စွမ်းအား ဝန်ကြီး၏ ရှင်းလင်းပွဲသို့ အမတ်များ အားလုံး မဖြစ်မနေ တက်ရောက်ပါရန် မှာကြားခဲ့သည်။ သို့သော် လွှတ်တော်ရုံးမှ နေရာ အခက်အခဲရှိသည်ဟုဆိုပြီး အမတ်အချို့ကိုသာ လွှတ်တော်ရုံးမှ အမည်တပ် ဖိတ်ကြားခဲ့သည်။
"လွှတ်တော်ဥက္ကဋ္ဌ (ဦးခင်အောင်မြင့်) က အရေးကြီးနေပါပြီ။ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်လို့ လျှပ်စစ်ဌာနက ရှင်းလင်းပွဲ လုပ်မယ်တဲ့ အဲဒါကို မဖြစ်မနေ သွားတက်ပါတဲ့ သွားတက်ပြီးရင်ထင်မြင်သုံး သပ်ချက်ကို ရေးပါပေါ့၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မြစ်ဆုံနဲ့ ပတ်သက်လို့ အလေးထားပြီး သူဖတ်ပါမယ်တဲ့" ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဦးဖုန်းမြင့်အောင်က မဇ္ဈိမသို့ အစောပိုင်းက ပြောသည်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီမံကိန်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကို စိုးရိမ်ကာ ကန့်ကွက်နေသော်လည်း အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းကအမျိုးသား အကျိုးစီးပွားဖြစ်ခြင်းကြောင့် မဖြစ်မနေ ဆက်လုပ်မည်ဟု ယခုလ ၁၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသွားသည်။
လွှတ်တော်အတွင်း မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ တိတ်ဆိတ်နေသည့် အပေါ် "ဂျာနယ်ထဲမှာ ဝန်ကြီးပြောတာ နောက်မဆုတ်တမ်းဆိုတော့ ဟ လေသံတွေ ပြင်းလှချည်လားပေါ့နော်၊ အဲဒီတော့မှ ဟ ပွဲကတော့ ကြမ်းနေပြီ ထင်တယ်ဆိုပြီးတော့။ ခုမှတရေးနိုးပြီးတော့ ဟိုလိုက်ရှာ ဒီလိုက်ရှာနဲ့ရှာကြည့် နေရတာ ကျနော်တို့ကတော့ အဆင်သင့် မဖြစ်သေးဘူး။" ဦးဖုန်းမြင့်အောင်က ဝန်ခံစကား ပြောသည်။
အောက်လွှတ်တော် အမတ်တဦးဖြစ်သူ ဦးခိုင်မောင်ရည်က သူ့အနေဖြင့် ဤစီမံကိန်းကို ကန့်ကွက်ပြီး၊ တိုင်းရင်းသား အမတ်များနှင့် အခြားပါတီငယ်များမှ ကန့်ကွက်ချင်သော်လည်း အောက်လွှတ်တော်တွင် အမတ်စုစုပေါင်း ၃၉၅ယောက်ရှိသည့် အနက် ၃၅၀ ခန့်သည် ကြံ့ဖွံ့ပါတီဝင်နှင့် တပ်မတော်သား လွှတ်တော်အမတ်များ ဖြစ်နေခြင်းကြောင့် မိမိတို့ အဆိုများ အရှုံးနှင့်သာ ရင်ဆိုင်နေရသည်ဟု ပြောသည်။
"တည့်တည့် ပြောမယ်ဆိုရင်တော့ ကန့်ကွက်တယ်။ တိုင်းရင်းသားတွေ တော်တော်များများကလည်း ကန့်ကွက်ချင်တဲ့ စိတ်ရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေနဲ့ တခြားပါတီငယ်တွေက အင်အားနည်းတဲ့ အတွက် ဘာလုပ်လုပ် အရှုံးပဲ ဖြစ်နေတာတွေ့တဲ့ အတွက် တချို့က အမိုက်ခံပြီးတော့ မလုပ်ချင်ကြ တော့ဘူး။ အမုန်းခံပြီးတော့ မပြောချင်ကြတော့ဘူး။" သူက မဇ္ဈိမကို ပြောသည်။
ထို့အပြင် အထက်လွှတ်တော်တွင်လည်း အမတ် ၂၂ဝ ဦးရှိရာ ၁၉ဝ ဦးခန့်သည် တပ်မတော်သား လွှတ်တော်
အမတ်နှင့် ကြံ့ဖွံ့အမတ်များသာ ဖြစ်သည်ဟု အမတ်များက ဆိုကြသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်သည်။