ရှမ်းသံတော်ဆင့် သတင်း လက်ထောက် အယ်ဒီတာ ကွယ်လွန်

ရှမ်းသံတော်ဆင့် သတင်း လက်ထောက် အယ်ဒီတာ ကွယ်လွန်
by -
ဇော်ကြီး

ထိုင်းနယ်စပ် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် သည် ချင်းမိုင်မြို့ Maharaj Nakorn Chiang Mai ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ် အချိန်က အသည်းရောဂါဖြင့် ကွယ်လွန်သွားသည်။

nmg-news-pt-11

ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဦးစိန်ကြည်သည် ၄င်းတို့ ဌာန၏ လုပ်ငန်း (၄၀) ရာခိုင်နှုန်းကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေသူ တဦး ဖြစ်သည့်အတွက် “အစားထိုးမရတဲ့ ဆုံးရှံုးမှု ပါပဲ” ဟု ပြောသည်။

ဦးစိန်ကြည်သည် ၁၉၇၄ ခုနှစ်၌ ရှမ်းပြည်တပ်မတော် SSA ၏ သတင်းနှင့် ပြန်ကြားရေးဌာနတွင် ၀င်ရောက် အမှုထမ်းခဲ့ပြီး သတင်းလုပ်ငန်းကို အစဉ်တစိုက် လုပ်ဆောင်လာရာမှ ၁၉၈၄ ခုနှစ် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (SSRC) လက်ထက်တွင် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဖြစ်လာသည်။

၁၉၈၉ ခုနှစ် ဦးခွန်ဆာ လက်နက်ချပြီးချိန်မှစ၍ ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာလာခဲ့ပြီး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများကို လက်ရှိအယ်ဒီတာချုပ် ဦးခွန်ဆိုင်းနှင့် တွဲဖက်၍ တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရှမ်းသံတော်ဆင့် သတင်းဌာနကို ထူထောင်၍ ကွယ်လွန်ချိန်ထိ ၄င်းဌာန လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ရှမ်းအမျိုးသား ကာတွန်းပညာရှင် ဟန်လေးက ဦးစိန်ကြည်သည် စကားပြောပြတ်သားသူ တဦးဖြစ်သလို လူငယ်ထုအပေါ်တွင် တိုးတက်စေချင်သည့်  စေတနာကောင်းရှိသူ တဦးဖြစ်၍ “ဆရာတယောက် အကိုတယောက် ဆုံးရှံုးတာပေ့ါ။ သူကလည်း ကျနော်တို့ကို အကိုထက်လည်း ပိုတယ်၊ ဆရာထက်လည်းပိုတဲ့ သံယောဇဉ်တွေ ရှိတယ်ဗျ။ ဟန်လေးဆိုတာ ဖြစ်လာဖို့ သူကျနော့်ကို ခေါ်လိုက်တာ။” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ဦးစိန်ကြည်သည် ရှမ်းပြည်တောင်ပိုင်း မန်းဆိုင်ကျေးရွာ ဇာတိ ဖြစ်၍ ငယ်စဉ်ကတည်းက ဂီတနှင့် အနုပညာကို ၀ါသနာပါခဲ့သူ တဦးဖြစ်ကာ ၁၉၇၃ ခုနှစ်တွင် “ပင်လုံစာချုပ်” ဟု အမည်ရသည့် တေးစီးရီးကို ရှမ်း အဆိုတော် စိုင်းဆိုင်မောဝ်နှင့် တွဲဖက် သီဆိုခဲ့သူဖြစ်သည်။

ထို့အပြင် နိုင်ငံရေး တေးသီချင်းများကို (ဆခဟ) အမည်ဖြင့် ရေးသားစပ်ဆိုခဲ့ပြီး နာမည်ကြီး တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း ရင်းနှီးသူတဦးဖြစ်သည်။

ရှမ်း သံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်သည် ကွယ်လွန်ချိန်တွင် အသက်(၅၉) နှစ်ရှိကာ ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်သည်။

Most read this week