ဘီလူးချောင်း ရေကြီး၍ လွိုင်ကော်အနီးရှိ ရွာ ၃ ရွာ ရေကြီးနေ

ဘီလူးချောင်း ရေကြီး၍ လွိုင်ကော်အနီးရှိ ရွာ ၃ ရွာ ရေကြီးနေ
by -
နှောင်းလှိုင်

ကရင်နီပြည်နယ်ရှိ မိုးဗြဲဆည် ရေဖောက်ချမှုကြောင့် ဘီလူးချောင်းရေလျှံ၍ လွိုင်ကော်မြို့နှင့် အနီးတ ၀ုိက်ရှိ ရွာသုံးရွာမှ ဒေသခံ ၁၇၀၀ နီးပါး ရေဘေး ဒုက္ခကြံုနေရသည်ဟု ကယ်ဆယ်ကူညီရေးအဖွဲ့ များက ပြောသည်။

 မိုးဗြဲရေကာတာမိုးဆက်တိုက် ရွာသွန်းမှုကြောင့် မိုးဗြဲဆည်တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာပြီး ဆည်ရေများ ဖောက်ချလိုက်သည့်အတွက် ဘီလူးချောင်းနံဘေးရှိ ကရင်နီလူမျိုးနှင့် ရှမ်းမျိုးနွယ် အင်းသားများ နေထိုင်သော ဘုရားနီ၊ ဘုရားဖြူနှင့် ဖောင်းတောရွာများ ရေနစ် မြုပ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်ကြောင်း ရေဘေး ကယ်ဆယ်ရေး လုပ်နေသူ တဦးကပြောပြသည်။

အာဏာပိုင်များက မိုးဗြဲဆည်ကို စက်တင်ဘာလ ၃ရက်နေ့တွင် ဖောက်ချသည့်အချိန်မှစ၍ ယခုအချိန်ထိ ဘီလူးချောင်းရေလျှံပြီး အိမ်ခြေ ၁၀၀ ကျော်မှာ အိမ်အမိုး နစ်မြုပ်လုနီးအထိ ရေလွှမ်းခံနေဆဲဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ထိုသို့ ရေကြီးနေ၍ ခရီးသွားလာရာ၌ လှေများကိုသာအားထားနေရရာ လှေစီးခနှုန်းများစျေးကြီးသော ကြောင့် အခက်အခဲကြံုရသည်ဟု ဘုရားနီ ရွာသားတဦးက ပြောသည်။

“ဆန်တွေ ချက်ပြုတ်ဖို့၊ မီးသွေးတွေဝယ်ဖို့၊ အဓိက သွားဖို့လာဖို့ လှေနဲ့ အင်းလေးထဲမှာ သွားဝယ်တယ်။ လှေက စျေးတက်လို့ ရေ ပုံး၊ ဆီပုံးအလွတ်တွေနဲ့ ဖောင်ဖွဲ့ပြီး သွားရတယ်။ လောလောဆယ်တော့ ရေကြီးတာ မရပ်သေးဘူး။ မိုးဆက်ရွာရင်တော့ စိုးရိမ်စရာ တော့ ပိုရှိမှာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ရေဘေးဒုက္ခသည် များသည် နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးသားချင်းအိမ်များနှင့် တချို့မှာ ရွာအနီးနားမှ ရေမရောက်သည့် နေ ရာတွင် တဲထိုးပြီးနေကြသည်ဟုလည်း ဆိုသည်။

ဘီလူးချောင်းရေသည် ရုတ်တရက် တက်လာခြင်းမဟုတ်ဘဲ တဖြည်းဖြည်း မြင့်တက်လာသည့် အတွက် ပစ္စည်းများ ဆုံးရှုံးမှု မရှိကြောင်း၊ ယခုလတ်တလောတွင် ကယ်ဆယ်ရေး အသင်းအဖွဲ့များကဆေးဝါး အကူအညီပေးနေသည့်အတွက် ကျန်းမာရေးနှင့် ပတ် သက်ပြီး အခက်အခဲမရှိသေးကြောင်း သိရသည်။

ရေဘေးဒုက္ခသည်များအတွက် World vision, Care Myanmar, ကယားဖူး၊ ကယားမိုဘွာ စသည့် လွိုင်ကော်မြို့ပေါ်ရှိဘာသာရေး အသင်းအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများက ဆန်များ၊ မိုးကာများ၊ အလှူငွေများ၊ သောက်သုံးရေသန့်နှင့် ချက်ပြုတ်ရန်ပစ္စည်းများ ကူညီပေးနေသည်ဟုကူညီရေးလုပ် နေသော ဘာသာရေးအသင်း တာဝန်ရှိသူတဦးက ပြောပြသည်။

ပြီးခဲ့သည့် ၃ ရက်ခန့်က ဘီလူးချောင်းရေကျသွားရန် လှိုင်ကော်မြို့နယ်အတွင်းရှိ ဒေါတချားဘက်သို့ ရေလွှဲဖောက်ထုတ်ခဲ့သော် လည်း လွိုင်ကော်မြို့ပေါ်တွင်ရေ ကျသွားခြင်းမရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။

ယခုအချိန်ထိ မိုးဗြဲဆည်ရေဖောက်ချမှုရှိနေပြီး လွိုင်ကော်မြို့ပေါ်ရှိ ဒေါသမ၊ ဒေါနိုးကူး၊ ရွှေတောင်၊ နားကွပ်နှင့် မင်္ဂလာရပ်ကွက်များ တွင်လည်း ရေကြီးနေသည်ဟု သိရသည်။