ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံ မြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ

ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံ မြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလကျွန်းနှင့် လိပ်ခမော်ကျေးများတွင် အပေါ်ယံ မြေကြောမှ ရေနံများ တူးဖေါ် ထွက်ရှိနေသဖြင့် ဒေသခံပြည်သူ များ အုပ်စုလိုက် သွားရောက်တူးယူ နေကြကြောင်း သတင််း ရရှိသည်။

ဒေသခံ တစ်ဦးက ထိုသို့ ရေနံထွက်နေကြောင်းကို နိရဥ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

  ဒေသခံများက ရိုးရာ လက်ယပ် ရေနံတွင်း တစ်ခုကို တူးနေစဉ်။ ( ဓါတ်ပုံ- နိရဥ္စရာ)" ဟုတ်ကဲ့။ အခု ထွက်နေတဲ့ နေရာက ကျောက်ဖြူက ၆ မိုင်၊ ရ မိုင်ခန့်ဝေးတဲ့ ငလကျွန်းကျေးရွာရယ်၊ လိပ်ခမော် ကျေးရွာရယ်။ အဲဒီကျေးရွာတွေမှာထွက်နေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေက ပိုက်ဆံ နှစ်သိန်း ကနေ သုံးသိန်းထိ အရင်းစိုက်ထုတ်ပြီး တူးနေကြပါတယ်။ တစ်နေ့ကို တွင်းတစ်တွင်းကနေ တိုင်ကီ လေးလုံး၊ ငါးလုံး ထွက်နေတဲ့ တွင်းတွေလည်း ရှိနေပါတယ်" ဟု ပြောသည်။

ထိုသို့ တူးယူရာတွင် ရှေ့ရိုးရာ လက်ယက်တွင်း တူးဖေါ်မူ စနစ်ဖြင့် တူးဖေါ်နေကြပြီး လက်တောင် ရ၀- ၈၀ တူးဖေါ်ရုံမျှဖြင့် ရေနံများထွက်နေကြောင်း သိရသည်။

ထိုသို့ ရေနံများ အလွယ် တကူ တူးဖေါ် ရရှိနေရာမှ ဒေသခံများ သွားရောက် တူးယူနေကြသဖြင့် အဆိုပါ ဒေသ အနီးတဝိုက်တွက် မြေစျေးများလည်း တက်သွားခဲ့သည်။ မြေကွက် (၁) ကွက်ကို ကျပ်လေးငါးသိန်း ဖြင့် ဌားရမ်းပြီး တူးဖေါ်သူများလည်း ရှိနေကြောင်းသူက ပြောသည်။

ယခုကဲ့သို့ ရေနံများ တူးဖေါ်ထွက်နေရှိသည်ဆိုသော သတင်းကြောင့် ကျောက်ဖြူမြို့ပေါ်က လူတွေ သွားရောက် တူးနေကြသူများ ရှိသလို တခြားလူတွေလည်း သွားတူးဖို့ စိတ်ဝင်စားနေကြသည်ဟု သူက ပြောသည်။

တွင်းတိမ်တိမ် တူးရုံမျှဖြင့် ရေနံ စိမ်းများ အလွယ်တကူ ထွက်နေသည့် အပေါ် သူက ယခုလို သုံးသပ် ပြောဆိုသည်။

" အခု ထွက်နေတာက အပေါ်ယံ မြေကြီးက ဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရေနံက သိပ်အနက်ကြီး မတူးရလို့ပါ။ ကျနော်တို့ လေ့လာကြည့်ရင် အဲဒီဒေသက လူတွေ အလိုလို စမ်းတူး နေကြတယ်။ လက်နဲ့ ဂျိုင့်ကလေးကို ဆင့်ပီးဆင့်ပီး တူးနေကြတဲ့အခါ ရေနံက ထွက်လာတာပါတယ်။ ရေနံက ထွက်ချင်တဲ့ အခါ ထွက်လာတဲ့ သဘောပါ။ ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကလည်း အဲဒီ ဒေသမှာ ခုလိုဘဲ ရေနံတွေ ထွက်ခဲ့ပါတယ်။ နောက်တော့ ပြန်ပျောက်သွားတယ်။ အခုတခါ ပြန်ပေါ်လာတယ်။ ရွာသား တွေ ကတော့ ခုလို ရေနံတွေ ထွက်နေတာကို နတ်ပေးတယ်လို့ ထင်နေကြပါတယ်" ဟု သူက ပြောသည်။ ၎င်းပြင် သူအနေနှင့် ယခု ရေနံများ ပြန်ထွက်လာခြင်းမှာ မြေလွှာများ ရွှေ့လျားနေမူအရ ရေနံကြောများ ပျောက်သွားပြီး ယခု ပြန်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်မှ လက်ယပ်ရေနံတွင်းများကို ဓနိများဖြင့် မိုးထားကြရသည်။ ( ဓါတ်ပုံ- နိရဥ္စရာ)
လက်ရှိ တူးဖေါ်နေသော တွင်းပေါင်း ၄၀နှင့့် ၅၀ အကြားရှိပြီး အများစု တူးဖေါ်နေသောတွင်းများတွင် ရေနံစိမ်းများ ထွက်နေကြောင်း သိရသည်။

ယခုကဲ့သို့ ရေနံများ ထွက်ရှိနေသော သတင်းကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါအဝင် ရဲအရာရှိများနှင့် တခြား ဌာနဆိုင်ရာ အရာရှိများ ရောက်ရှိလာပြီး ရေနံတူးဖေါ်နေသူများထံမှ ပိုက်ဆံများ ကောက်ယူနေရန် စီစဉ်နေကြောင်းလည်း သိရသည်။

လူမူရေး လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက " ကျွန်တော်ကြားတာက ပိုက်ဆံ တောင်းဖို့ စီစဉ်နေတယ် လို့ ကြားပါတယ်။ ဒါပေမယ့် တရားမဝင် ကောက်ရင် ပြဿနာတက်နိုင်တဲ့ အတွက် ဘယ်ခေါင်းစဉ်နဲ့ ပိုက်ဆံ ကောက်မလဲဆိုပြီး နည်းလမ်း ရှာနေကြတယ်လို့ ကြားပါတယ်။ တခုသေချာတာကတော့တွင်းတူး နေသူတွေရဲ့ အမည်စာရင်းတွေကို ကျေးရွာ အုပ်ချုပ်ရေးမှူးဆီက တဆင့် သူတို့ ယူသွားတယ်လို့ ကြားပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသတွင် မြေအောက်တွင် ရေနံကြောများ ရှိနေသဖြင့် ယခုလို ရေနံစိမ်း များကို ဒေသခံများက ရိုးရာ လက်ယပ်တွင်းများဖြင့် မကြာခဏ တူူးဖေါ် ရရှိ နေကြောင်း သိရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင် ဒေသတွင် ရေနံများ အကြီးအကျယ် ထွက်ခဲ့သဖြင့် ဒေသခံ ပြည်သူများ ထောင်ချီပြီး သွားရောက် တူးဖေါ်ခဲ့ကြသည်။

Most read this week