နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်နေပြီဟု ဒေါ်စုပြော

နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်နေပြီဟု ဒေါ်စုပြော
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံသည် အပြောင်း အလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။

demoall1
ကြာသပတေးနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပထမဆုံးအကြိမ် ကျင်းပရာ၊ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁ဝ မိနစ်ကျော်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။demoall"အခုအခြေအနေမှာ ဆိုရင် ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့ ကျမမပြောချင်ပါဘူး။ ဒါပေမယ့် ကျမ လူသိရှင်ကြား ပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျမယုံကြည်တယ်။" ဟု သူက ပြောသည်။

ယင်းအပြင် ဒီမိုကရေစီ စိတ်ဓာတ်ရှိသူတိုင်း အပြောင်းအလဲကို ငြိမ်းချမ်းသည့်နည်းဖြင့် ရယူရန်လိုအပ်ပြီး မည်သူ့ကိုမျှ နစ်နာစေသည့် အပြောင်းအလဲမျိုး မဖြစ်စေဘဲ၊ ညင်သာသည့် ပြောင်းလဲမှု ပြောင်းလဲမှုမျိုး ဖြစ်ရန်လိုအပ်သည်ဟု ထည့်သွင်းပြောသွားသေးသည်။

"ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်လာတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးက မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရမယ်။" ဟု မိန့်ခွန်းတွင် ပါရှိသည်။

အနှစ် ၂ဝ ကျော် ဒီမိုကရေစီအတွက် အလုပ်လုပ်နေသည့် NLD ပါတီဝင်များအနေဖြင့် ယခုလို အချိန်တွင် မိမိတို့၏ တာဝန်သည်ဘာလဲ၊ ဘာဆက်လုပ်သင့်သလဲ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားကာ ယုံကြည်သည့် အလျောက် ဆက်လုပ်စေလိုကြောင်း သူ၏ မိန့်ခွန်းတွင် တိုက်တွန်းသွားသည့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ်လအတွင်းက တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံမှုအတွင်း မည့်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖေါ် ပြောကြားခြင်း မရှိသော်လည်း "နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာဆွေးနွေးခဲ့သည်" ဟု နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားတွင်ဖေါ်ပြသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် ရှိနေသေး ကြောင်းလည်းနေပြည်တော်တွင် သမ္မတနှင့် တွေ့ဆုံမှုအတွင်း လိုက်ပါသွားခဲ့သည့် လုံခြံုရေးအဖွဲ့ဝင် ဦးခွန်သာမြင့်က ဘီဘီစီ (မြန်မာပိုင်းသို့) စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံမှ စီးပွားရေး ပိတ်ဆို့ထားခြင်းခံရသူ မက်စ်မြန်မာစီးပွား ရေးအုပ်စုပိုင်ရှင် ဦးဇော်ဇော်၏နှင့်အတူ ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားတွင် ကျင်းပသည့် အသက် ၁၉ နှစ်အောက် အာဆီယံ ဘောလုံးပြိုင်ပွဲသို့ သွားရောက် ကြည့်ရှု့ အားပေးခဲ့သေးသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မနိုင်ငံတွင် ယခုနှစ် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး၊ အစိုးရသစ် ရုံးစိုက်ရာ နေပြည်တော်တွင်ကျင်းပသည့်နည်းတူ အတိုက်အခံ ပါတီဟောင်း၏ရုံးချုပ်တွင် လည်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို အဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို  ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ ၂ဝဝ၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

Most read this week