ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ ရံပုံငွေသည် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေး အသင်းကာလ ကတည်း က ယနေ့ အထိ ပြည်ပအဲန်ဂျီအိုမှ ရရှိ သည့် ၀င်ငွေများအား ရာခိုင်နှုန်းအားဖြင့်ဖြတ် တောက်လိုက် သော ငွေများ ဖြစ်ကြောင်းသတင်း ရရှိသည်။
” ကျတော်အပါအဝင်ပေါ့၊ ဖလမ်းမြို့နယ်မှာ ယူအက်စ်ဒီပီ ငွေချေးတဲ့ ပုဂ္ဂိုလ် ၁၀၀ လောက်ရှိတယ်၊အနည်း ဆုံး သုံးသိန်းစီ ချေးတယ်၊ သုံးသိန်းချေးယင် စပေါ် တသိန်း ပြန်ထားရတယ် ” ဟု ယူအက်စ်ဒီပီပါတီဝင် တဦးက ပြောသည်။
ငွေတွေကို ၃ ကျပ်နှုန်းဖြင့် ချေးငှားပြီး အတိုးငွေများကို အဆင့်ဆင့်သော ယူအက်စ်ပါတီ ခေါင်းဆောင် များ၏ လစာ၊ ရုံးလုပ်ငန်းများအတွက် ပြန်လည် အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။
” ဒါတင်မကဘူး၊ လိုင်စင်မဲ့ ဆိုင်ကယ်အတွက် ဒါဏ်တပ်ငွေနဲ့ အခြား ဘီးခွန်ထဲက ၁၀ ရာခိုင်နှုန်းကို ယူအက်စ် ဒီပီပါတီထံ ပေးရတယ်” ဟု ပြောသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီးဟားခါးမြို့မှ မော်တော်ပီကေ တဦးက မူ ” ကျတော်တို့က ဒါဏ်ငွေတွေကို အထက် လူကြီးထံအပ်တယ်၊ အဲဒီငွေကို ပြန်ပြီး ခွဲဝေတယ်၊ ကျန်ငွေကို ဘယ်လိုဆက်လုပ်သလဲတော့ မသိဘူး” ဟု ပြောသည်။
ချင်းပြည်နယ် ဖလမ်း မြို့နယ်ယူအက်စ်ဒီပီပါတီလစာသည် ခရိုင်တာဝန်ခံ ကျပ်ငွေ ၈၀၀၀၀၊ အတွင်းရေးမှူး ကျပ်ငွေ ရ၀၀၀၀ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ၅ ဦး ကျပ်ငွေ ၂၅၀၀၀ စီ ရရှိကြသည်။
အလားတူ ကျန် ချင်းပြည်နယ် ၈ မြို့နယ်စလုံးရှိ မြို့နယ် ယူအက်စ်ဒီပီ အလုပ်အမှုဆောင်ကော်မီတီ ၀င်များ လည်း လစာ ရရှိကြကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်း စစ်အစိုးရမှ တဆင့် ယူအဲန်ဒီပီ၊ ယူနီဆက်ဖ် စသည့် အဲန်ဂျီအိုများ ၀င်ရောက်ပြီး အိန္ဒိယ အစိုးရမှ ဒေါ်လာ ၈ သိန်းကိုလည်း ယူအက်စ်ဒီပီပါတီမှ စီမံခန့်ခွဲမည်ဟု သတင်းများအရ သိရသည်။