မြစ်ဆုံဆည် တည်ဆောက်ရေးသုံး ပစ္စည်းများ KIO ပိတ်ထားဆို

မြစ်ဆုံဆည် တည်ဆောက်ရေးသုံး ပစ္စည်းများ KIO ပိတ်ထားဆို
by -
ဆိုင်အောင်

ချင်းမိုင်(မဇ္ဈိမ) ။       ။တရုတ်နိုင်ငံဘက်မှမြစ်ဆုံ ရေ ကာတာ တည်ဆောက်လုပ်ငန်းများသုံး ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းလာခြင်းကို ကချင် လွတ်မြောက်ရေးအဖွဲ့ KIOထိန်းချုပ်နယ်မြေ တပ်ရင်း များမှ ပိတ်ထားကြောင်း KIO ပြောခွင့်ရှိသူ ဦးလနန် ကပြောသည်။

ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်၊ ကန်ပိုင်တီ လမ်းကြောင်းမှတဆင့် တရုတ်ပြည်က တင်သွင်းလာ သော ဘိလပ်မြေနှင့် သံထည်ပစ္စည်းများကို KIO ဒေသခံ တပ်ရင်းများ ထိန်းချုပ်သည့်  တပ်ရင်း (၃) လ ဖိုင် ဂိတ်က တင်သွင်းခွင့် ပိတ်ထားခြင်းကြောင့် မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများရပ်တန့် နေသည်ဟုလည်း ဦးလနန်က မဇ္ဈိမကို ပြောသည်။

“စစ်ဖြစ်တဲ့ နောက်ပိုင်းမှာ မြစ်ဆုံအတွက် သယ်လာတဲ့ ပစ္စည်းတွေကို တင်းသွင့်ခွင့် မပေးပါဘူး။ ဒါကြောင့် သူတို့ စီမံကိန်းမှာ ပစ္စည်းပြတ်လပ်လို့ လောလောဆယ် စီမံကိန်ကြီး ရပ်တန့် ထားရတယ်လို့ သိရတယ်” ဟုဆိုသည်။ KIO နှင့် အစိုးရတပ်တို့အကြား ဇွန်လ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
maka-malika
သို့သော် မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရခြင်းနှင့် ပတ်သက်၍ အမှတ် ၁  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် စီမံကိန်းကို ခေတ္တရပ်နားထားပြီး၊ ပွင့်လင်းရာသီ ရောက်သည်နှင့် လုပ်ငန်းများ ပြန်လည် စတင်မည်ဖြစ်ကြောင်း ယခုလ ၁ဝ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြစ်ဆုံဆည် စီမံကိန်းကို ပြည်တွင်းပြည်ပ ကန့်ကွက်မှုများရှိနေပြီး၊ စာရေးဆရာ ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဦးဇော်မြင့် တို့မှလည်း ယခုလ ၁ဝ ရက်နေ့တွင် ဧရာဝတီမြစ် ထိန်းသိမ်းရေးဟောပြော ပွဲပြုလုပ်ကာ မြစ်ဆုံဆည် ဆောက်လုပ်ရန် မသင့်ကြောင်း ဟောပြောပွဲတွင်ပြောကြားခဲ့ကြ သည်။

သို့သော် ဦးဇော်မင်းက မြစ်ဆုံဆည် တည်ဆောက်မှုသည် အမျိုးသား အကျိုးစီးပွားအတွက်ဆိုကာ ကမ္ဘာ့ ကုလသမဂ္ဂမှပင် ဝင်ရောက် စွက်ဖက်ခွင့်မရှိကြောင်း နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင်ပြောသွား သည်။

ကျင်းပဆဲ လွှတ်တော်များ၏ ဒုတိယပုံမှန် အစည်းအဝေးများတွင် နိုင်ငံတော် စီမံကိန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည့် စီမံကိန်းများအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူသင့်ကြောင်းလည်း အမတ်များက ဆွေးနွေး ကြသည်။

ဦးလနန်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်၏ မြစ်ဆုံဆည်ဆောက်မှုသည် လူထုဆန္ဒနှင့် ဆန့်ကျင်နေပြီး၊ KIO အနေဖြင့် ယင်းရေအားလျှပ်စစ် စီမံကိန်းကို အစဉ်တစိုက်ကန့်ကွက် သွားမည် ဖြစ်ကာ မြန်မာနိုင်ငံသား အားလုံးလည်း ပါဝင်ကန့်ကွက်ရန်လိုကြောင်း မဇ္ဈိမကိုပြောခဲ့သည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်မှုဖွင့်ပွဲ စတင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် တရုတ် China power Investment Corporation –CPI တို့ အကျိုးတူဆောင်ရွက်နေ သည့် စီမံကိန်းဖြစ်သည်။

Most read this week