ရန်ကုန်(မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ မြစ်ဆုံ စီမံကိန်းကို နောက်မဆုတ်တမ်း ဆက်လက်လုပ် ကိုင်သွားမည် ဖြစ်ကြောင်းနှင့် ရှစ်နှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဟု အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီး ဦးဇော်မင်းကပြောကြားသွား သည်။
နေပြည်တော်ရှိ မီးရထားဝန်ကြီးရုံးတွင် တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးက လျှပ်စစ်မီး ရရှိရေးသည် "အမျိုးသား အကျိုးစီးပွား ဖြစ်ပါတယ်" ဟုဆိုကာ "နွေရာသီစတာနဲ့ ဒီလုပ်ငန်း (တည်ဆောက်ရေး) ကို ဆက်လုပ်မှာ ဖြစ်တယ်"ဟု ပြောကြားသွားသည်။
"ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ကန့်ကွက်လို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတခု မေးပါတယ်။ နောက်မဆုတ် ပါဘူး။ ကျနော်တို့ ဆက်လုပ်မှာဖြစ်ပါတယ်” ဟုလည်း ထည့်သွင်းပြောသွားသည်။
ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်နှစ်သွယ် ဆုံရာအနီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ခြောက်ထောင် တပ်ဆင်စက် အင်အားရှိမည့် မြစ်ဆုံရေကာတာ စီမံကိန်းအတွက် တည်ဆောက်မှု ဖွင့်ပွဲကို ဒီဇင်ဘာလ ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့သည်။ လျှပ်စစ် (၁) ဝန်ကြီးက ရှစ်နှစ်အတွင်း အပြီး ဆောက်လုပ်သွားမည်ဟု ပြောသည်။
ဦးဇော်မင်းက ဧရာဝတီမြစ်ပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် အသေးစိတ် လေ့လာမှုကို လုပ်ခဲ့ကြောင်းနှင့် စူးစမ်း လေ့လာမှုကို ရှစ်လ၊ တနှစ်ခန့် Biodiversity and Nature Conservation Association (BANCA) ကပြုလုပ်ရန်အတွက် ငှားရမ်းကာ အမေရိကန်ဒေါ်လာ ၁.၂၅ သန်း ပေးခဲ့ရသည်ဟု ပါရှိသည်။ ဝန်ကြီးကိုယ်တိုင်"လျှပ်စစ် ဝန်ထမ်းတဦး" ဟု အမည်ခံ ရေးသားထားသော သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတွင် BANCA အပါအဝင် အဖွဲ့ပေါင်း ၂၆၀ ပါဝင်သော စူးစမ်းလေ့လာမှုကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သူများက ထောက်ပြသော တရုတ်နိုင်ငံကိုသာ အကျိုးရှိစေမည် ဆိုခြင်းကိုလည်း ချေပပြောဆိုရာတွင် "ကျနော်တို့နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာကိုယ် လုပ်မှာပေါ့။ ဒါနံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ်လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူက သုံးမှာလဲ။ ကျနော်တို့နိုင်ငံမှာ အခု မဂ္ဂါဝပ် ၁,၅ဝဝပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် Market ရဲ့ သဘောအရရောင်းစားရမှာပေါ့။" ဟု ဆိုသည်။
အင်တာနက်တွင် ပြန့်နေသော BANCA ၏ သဘာဝတ်ဝန်းကျင် စူးစမ်းလေ့လာမှု အစီအရင်ခံစာကိုလည်း အစိုးရက ကုန်သွယ်မှု လျို့ဝှက်ချက်အဖြစ် လျို့ဝှက်ထားသော်လည်း ပေါက်ကြားသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးဇော်မင်းက "ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ" ခေါင်းစဉ်ဖြင့် မြစ်ဆုံ စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ပေါ်မှ ရေကာတာ စီမံကိန်းများ၏ ကောင်းကျိုးကို ညွှန်းဆို ရေးသားထားရာတွင် ၁၅ နှစ်အတွင်း တည်ဆောက်မည့် စီမံကိန်းများကြောင့် စက်တပ်ဆင်အင်အား ၁၈,၄ဝဝ မဂ္ဂါဝပ်ခန့် ရှိမှာဖြစ်ပြီးမြစ်ကြီးနားမြို့ ကို မြစ်ရေလျှံခြင်းသည် ငါးနှစ်တကြိမ်ဖြစ်နိုင်ချေမှ အနှစ် ၂၀ လျှင် တကြိမ်သာ ဖြစ်နိုင်ချေ ရှိတော့မည်ဟု ဆိုသည်။
ထို့အပြင် ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်သော တမံအလျားပေ ၄,၃ဝဝ ပေနှင့် တမံ
အမြင့် ၄၅၈ ပေရှိ မြစ်ဆုံစီမံကိန်းတွင် ကျရောက်သော ကျေးရွာငါးခုမှ လူဦးရေ ၂,၁၄၆ ဦးကို ပေ ၈ဝx၆ဝ မှသည်ပေ ၁ဝဝ x ၁၂ဝ အကျယ်ရှိ မြေကွက်များဖြင့် ပြန်လည် နေရာချထားရေး ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။
မြစ်ဆုံရေကာတာမှ ရေထိန်းပေးမှုကြောင့် မိုးရာသီတွင် ပုံမှန်မြစ်ရေထုစီးနှုန်းထက် ၃.၅ ရာခိုင်နှုန်းလျော့နည်း မှာဖြစ်ပြီး နွေရာသီတွင် (နိုဝင်ဘာလမှ ဧပြီလအထိ) ပုံမှန်မြစ်ရေထက် ၁၆ ရာခိုင်နှုန်းတိုးလာကာဧရာဝတီ မြစ်ကြောင်း တလျောက် မြစ်ရေ ၁.၅ ပေခန့် ပိုမိုမြင့်တက်လာမည်ဟု ဆိုသည်။
သတင်းစာပါ ဆောင်းပါးကို ဝေဖန်မှုများဖြင့် တုံ့ပြန်ကြခြင်းနှင့် ပတ်သက်၍ "ဒီဆောင်းပါးရေးတဲ့ကောင် ဘယ်လောက် တတ်လို့လဲ။ ဒီကောင်က ဘာအဆင့် ရှိလို့လဲဆိုတော့ ကျနော်မပြောတော့ဘူး။ ညွှန်ချုပ် မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။မြန်မာနိုင်ငံမှာ တော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျနော့်ထက်ပိုပြီးတော့ အတွေ့အကြံုရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲ ရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုရင် မကောင်းဘူး ဖြစ်သွားမယ်။ အမှန်ကတော့ ကျနော်ပဲရေးလိုက်တာ" ဟု ပြောသည်။
တဘက်တွင်လည်း မြစ်ဆုံဆည် တည်ဆောက်မှုနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေပြီး ယခုလ ၁၀ ရက်နေ့က စာရေးဆရာများဖြစ်သည့် ကိုတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆောက်ရွက်သူ ဦးဇော်မြင့်၊ မိုးလေဝသပညာရှင် ဦးထွန်းလွင်တို့မှလည်း "Save the Irrawaddy" ခေါင်းစဉ်ဖြင့် ဧရာဝတီမြစ် ထိန်းသိမ်းရေး ဟောပြောပွဲတခု ပြုလုပ်ခဲ့သေးသည်။
မြစ်ဆုံဆည် တည်ဆောက်မှုနှင့်ပတ်သက်၍ ဦးထွန်းလွင်က "ကျနော်အသက်လည်း ကြီးပြီ။ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် တခွန်းတည်းပဲပြောမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်ခြင်းကို ကျနော်လုံးဝကန့်ကွက်ပါတယ်" ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောသွားသည်။
ယင်းအပြင် အာရှတွင် အရှည်ဆုံးဖြစ်သည့် တရုတ်နိုင်ငံရှိ ယန်စီမြစ်သည် တိမ်ကော ပျက်စီးနေပြီးပျောက် ကွယ်တော့မည့် အရေးနှင့် ရင်ဆိုင်နေရကာ၊ နောင်တွင် ဧရာဝတီပါ အပါအဝင် ဖြစ်လာတော့မည်ဖြစ် ကြောင်းလည်း ထည့်သွင်းပြောသွားသည်။
တရုတ်နိုင်ငံအတွင်း ဆည်များတည်ဆောက်မှုကို ကန့်ကွက်မှုများ ရှိနေခြင်းကြောင့်လည်း မြန်မာနိုင်ငံတွင် လာရောက် ဆောက်လုပ်ခြင်းဖြစ်ကြောင်းလည်း ဦးထွန်းလွင်က ဆိုခဲ့သည်။
"ကိုယ့်နေရာမှာ လုပ်တာတွေအတွက် ကန့်ကွက်မှုတွေရှိလာတော့ ကံဆိုးစွာ ကျနော်တို့ နိုင်ငံကိုရောက်လာ တာပါပဲ" ဟု ဦးထွန်းလွင်မှ "Save the Irrawaddy" ဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။