ဗမာပြည်မမှ ပြောင်းရွှေ့လာသူ နတလ စံပြကျေးရွာသားများ အငတ်ဘေးကျရောက်

ဗမာပြည်မမှ ပြောင်းရွှေ့လာသူ နတလ စံပြကျေးရွာသားများ အငတ်ဘေးကျရောက်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် နတလ စံပြကျေးရွာများတွင် နေထိုင်နေသာ ဗမာပြည်မှ ပြောင်းရွှေ့ လာသူ မိသားစု အတော်များများမှာ ယခုအခါ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရကြောင်း သတင်း ရရှိသည်။

နတလ စံပြကျေးရွာများ တည်ရှိရာ ဘူးသီးတောင်မြို့ နာရီစင် ( ဓါတ်ပုံ- နိရဥ္စရာ)
ယခု အဆိုးအရွားဆုံး အငတ်ဘေးနှင့် ရင်ဆိုင်နေရသော ကျေးရွာမှာ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်းကျေးရွာအနီး တည်ဆောက်ထားသော ရွှေနတလ စံပြကျေးရွာ ဖြစ်သည်။

ဒေသခံ ဆရာတော် တစ်ပါးက သူတို့ အငတ်ဘေးကြံုတွေ့နေရကြောင်းကို ယခုလို ပြောသည်။

" သူတို့ကို အစိုးရက ခေါ်လာတုန်းက အဲဒီရွာမှာ မိသားစု ၁၈၀၊ အိမ်ခြေ ၁၈၀ ရှိတယ်။ အလုပ်အကိုင် မရှိ ထမင်းငတ်တဲ့ အတွက် မိသားစု ၃၀ လောက်က ထွက်ပြေးသွားကြပြီ။ အခုကျန်တဲ့ ၁၅၀ မှာ မိသားစု ၅၀- ၆၀ ခန့်က နေ့တိုင်း ထမင်းငတ်နေတယ်။ ငတ်တယ်ဆိုတာ နေ့တိုင်း ငတ်နေတာ ဖြစ်တယ်။ ကျန်တဲ့ မိသားစုတွေလည်း ငတ်နေကြတယ်။ ပိုဆိုးတာက မိသားစု ၅၀ လောက်က အရမ်းဆိုးရွားတယ်။"

ယခုကဲ့သို့ အငတ်ဘေးကျရောက်နေသဖြင့် ခွေးသေ နွားသေက အစ အလွတ်မပေး ယူငင် စားသောက် နေကြသည်ဟု ဆရာတော်က မိန့်ကြားသည်။

" အနီးအနား ကုလားရွာတွေက ခွေးတွေ သေတယ်။ နွားတွေ သေတယ်ဆိုရင် သူတို့ အပြေး လိုက်သွားပြီး လှီးဖြတ် ချက်ပြုတ်စားသောက်ကြတယ်။ ပုတ်နေရင်လည်း သူတို့က အရေးမစိုက်ဘူး။ ဟို လွန်ခဲ့တဲ့လ ၂၉ ရက်နေ့ကလည်း အဲဒီရွာနားမှာ ဆင်တကောင်သေတာ ပုတ်နေပြီ။ ဒါကိုလည်း သူတို့ယူငင်စားသောက်ပစ် တာ အခုဆိုရင် အရိုးတွေဘဲ ကျန်နေတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါ နတလ ရွှေစံပြကျေးရွာတွင် နေထိုင်သူများမှာ ၂၀၁၀ ခုနှစ်မတ်လ အတွင်းက ရန်ကုန်မှ နေပြီး ခေါ်ယူလာသူများ ဖြစ်ပြီး အစိုးရမှ အထောက်အပံ့ တနှစ် ပေးပြီးနောက် ရပ်တန့်လိုက်ရာမှ ယခုကဲ့သို့ အငတ်ဘေးနှင့် ရွာသားများ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

" သူတို့က ဒီဒေသမှာ ဒေသလည်း မကျွမ်းဘူး။ ဘာသာစကားလည်း အခက်အခဲရှိတော့ လုပ်ကိုင် စား သောက်ဖို့ မတတ်ကြဘူး။ ဒါကြောင့် အစိုးရက ထောက်ပံ့ပေးထားတဲ့ လယ်ထွန်စက်တွေ၊ ဆိုက်ကားတွေ၊ အပ်ချုပ်စက်တွေ အကုန်လုံး ရောင်းပစ်လိုက်ပြီ။ ဘာဆို ဘာာမှ မရှိတော့ဘူး။ ဒီတော့ သူတို့ အခုလို အငတ်ဘေး ကျရောက်နေတာ ဖြစ်ပါတယ်" ဟု ဆရာတော်က ဆက်ပြောသည်။

နတလ စံပြကျေးရွာ အနီးရှိ ပြိုင်တောင်ကျေးရွာမှ မွတ်ဆလင် ရွာသား တစ်ဦးကလည်း နတလစံပြကျေးရွာ သားများ ထမင်းငတ်နေကြောင်းကို ယခုလို အတည်ပြု ပြောကြားသည်။

" ဟုတ်တယ် ဆရာ။ သူတို့ အခုတော်တော် ဒုက္ခရောက်နေကြတယ်။ ထမင်းငတ်နေတဲ့ သူတွေတော်တော် များတယ်။ တရွာလုံးက လူတွေ ငတ်နေကြတာ။ မိုးတွင်းဆိုတော့ တောင်တက် ၀ါးခုတ် သစ်ခုတ်ရတာလည်း အခက်အခဲရှိနေကြတယ်။ ဒါကြောင့် ရတာကို ယူတာဘဲ။ ခိုးလည်း ခိုးတယ် ဆရာ"ဟု ပြောသည်။

အဆိုပါ ရွှေနတလ စံပြကျေးရွာတွင် မိသားစု ၁၅၀၊ လူပေါင်း ၅၀၀ နီးပါးရှိနေပြီး ယခုကဲ့သို့ အခက်အခဲ ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံ စစ်ဆေး အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အနောက်ဘက် နယ်စပ်တွင် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ လူဦးရေကို ထိန်းညှို လိုသဖြင့် ၁၉၉၂ ခုနှစ်ကတည်းက စပြီး ယခင် ကုလား- ရခိုင်အဓိဂရုဏ်းအတွင်းက ပြိုပျက်သွားခဲ့သော ရခိုင်ဗုဒ္ဓဘာသာ ရွာများကို အစိုးရက ပြည်လည် ထူထောင်ပြီး နေရာ ချပေးနေသည်။

ယခုအခါ ရွာပေါင်း ၅၀ ခန့်ရှိပြီး လူဦးရေ နှစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။ အများစုမှာ ရေခံ မြေခံ မတူသည့် အပြင် လုပ်ကိုင်စားသောက်ရန်လည်း နားမလည်သဖြင့် စားဝတ်နေရေး အခက်အခဲ ကျရောက် ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

Most read this week