ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ

ဦးဥတ္တမ ရုပ်ထုရှေ့ ပြည်သူများ ပန်းခွေချ
by -
မောင်အေး

ယနေ့ ကျရောက်သော ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့တွင် ပြည်သူများ အနေဖြင့် စစ်တွေ မြို့ရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့တွင်လွှမ်းသူ ပန်းခွေများ ချခဲ့ကြသည်ဟု သိရသည်။

စစ်တွေ ဦးဥတ္တမပန်းခြံရှိ ဆရာတော် ရုပ်ထုရှေ့တွင် ယနေ့ လွှမ်းသူ့ပန်းခွေချနေကြစဉ်။ (ဓါတ်ပုံ နိရဥ္စရာ)" လူတွေ ပန်းခြံထဲကို လာပြီး ဆရာတော် ရုပ်ထု ရှေ့မှာ ပန်းခွေတွေ လာချသွားကြတယ်။ ဟန့်တား နှောင့်ယှက်တာမျိုးတော့ မရှိသေးဘူး။ အခုအချိန်ထိတော့ လူတွေ လာနေကြတုန်းဘဲ" ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ လူငယ် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

နံနက်ပိုင်းမှ စပြီး ဆရာတော်ကို ကြည်ညိုသူများက ဆရာတော် ဦးဥတ္တမ ရုပ်ထုရှေ့သို့ တသုတ်ပြီး တသုတ် လာရောက်ကာ ဂုဏ်ပြု ပူဇော်နေကြသည်ဟု သိရသည်။

ပန်းခွေချ ပူဇော်သူများကို အာဏာပိုင်များက တစုံတရာ နှောင့်ယှက်ခြင်း မရှိသော်လည်း ဆရာတော် ဦးဥတ္တမပန်းခြံ အနီးအဝိုက်နှင့် တခြား နေရာ တချို့တွင် လုံခြံုရေးကို ထူထပ်စွာ ချထားကြောင်း သိရှိရသည်။

" လုံခြံုရေးကိုတော့ မနေ့ကတည်းက ချထားပါတယ်။ ဒါပေမယ့် အခြေအနေက အေးအေး ဆေးဆေး ပါဘဲ" ဟု သူက ဆက်ပြောသည်။

အတည် မပြုရသေးသော သတင်း တရပ်အရ ဦးဥတ္တမပန်းခြံတွင် ကျင်းပနေသည့် ၁၈ ကြိမ်မြောက် မြန်မာ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကိုလည်း ယနေ့တွင် ရပ်နားထားကြောင်း သိရသည်။

"အရင်နှစ်တွေကတော့ ဆရာတော်ကိုတရားဝင် ပူဇော်ခွင့်မရဘူး။ ဒီနှစ်် ပန်းခွေချခွင့်ပေးတယ်။ ဆီးမီးပူဇော်ခွင့် ပေးတယ်ဆိုတော့ နည်းနည်းထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့တော့ နှစ်စဉ်နှစ်တိုင်း ဒီလို ဆရာတော်ကို ဂုဏ်ပြုပူဇော်ခွင့်ရချင်ပါတယ်"ဟု အဆိုပါ လူငယ်ကပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရ၂ နှစ် ဆရာတော် ဦးဥတ္တမနေ့ကို ယနေ့နံက်ပိုင်းက စတင်ပြီး ပါတီရုံးတွင် ကျင်းပနေပြီး သံဃာတော်များအား ပင့်ဖိတ်ဆွမ်း လှူဒါန်းပြီး ပရိတ် တရားတော်များ နာကြားခဲ့ကြောင်း ပါတီဝင် တဦးက ပြောသည်။

"ကျွန်တော်တို့ရုံးမှာ ၁၂ နာရီမှာ ဆရာတော်နဲ့ပတ်သတ်ပြီး ဟောပြောပွဲတွေလုပ်မယ်။ ညနေ ၃ နာရီ လောက် မှာတော့ ပါတီရုံးကနေသွားပြီး ဆရာတော်ရှေ့မှာ ပန်းခွေချပူဇော်ဖို့ အစီအစဉ်ရှိပါတယ်။ မနက် အစောကြီး ကတော့ ဦးသာလူချေနဲ့တခြား ရတပဝန်းကြီး ရုံးကိုလာပြီး ဆရာတော်ကို ပူဇော်သွားတယ်"ဟု သူကဆက် ပြောသည်။

Most read this week