ပုဂ္ဂလိက ကျောင်းထောင်ခွင့် ဥပဒေမူကြမ်း အထက်လွှတ်တော် အတည်ပြု

ပုဂ္ဂလိက ကျောင်းထောင်ခွင့် ဥပဒေမူကြမ်း အထက်လွှတ်တော် အတည်ပြု
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။      ။ အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ပုဂ္ဂလိကျောင်းများ ထောင် ခွင့်ကို တရားဝင် ခွင့်ပြုမည့် ကိုယ်ပိုင်ကျောင်း ဥပဒေမူကြမ်းကို ဗုဒ္ဓဟူးနေ့ နေပြည်တော်တွင် ကျင်းပလျက် ရှိသော အထက်လွှတ်တော်အစည်း အဝေးက အတည်ပြုပေး လိုက်သည်။

ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်သော မူကြမ်းတွင် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ ကိုယ်ပိုင် ဘာသာနှင့် စကားသင်ကြားခွင့်တို့အတွက် ထပ်ဆောင်း ဘာသာရပ်အဖြစ် သင်ကြားနိုင်ပြီး သက်ဆိုင်ရာ ဒေသ၏ ပညာရေး ဌာနများမှ ခွင့်ပြုချက်ရယူရန်လိုသည်ဟု မူကြမ်းကိုဖတ်ခွင့်ရသော အမတ်များက မဇ္ဈိမသို့ ပြောသည်။

ဥပဒပေါင်း ၄၁ ခုပါရှိကာ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်းထားသော ယင်းဥပဒေမူကြမ်းတွင် ပုဂ္ဂလိက ကျောင်းများ အနေဖြင့် ပညာရေးဝန်ကြီးဌာမှ ချမှတ်ထားသည့် သင်ရိုးအတိုင်း သင်ကြားရမည်ဖြစ်ပြီး တပတ်စာ သင်ကြားမည့် သင်ခန်းစာများကိုလည်း မြို့နယ် ပညာရေးမှူးများထံ ကြိုတင် တင်ပြရန်လိုသည်ဟု သိရသည်။
lotdaw97

အထက်လွှတ်တော် အစည်းအဝေးတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်ပုဂ္ဂလိက ကျောင်းများတွင် အားကစားကွင်း၊ အစည်းအဝေး ခန်းမ စသည်တို့ ပါရှိရမည်ဟုလည်း ဥပဒေတွင် ပြဋ္ဌာန်း ထားသည်ဟု ဆိုသည်။

အခြေခံပညာမူလတန်းကိုမူ ပုဂ္ဂလိကကျောင်းထောင်ခွင့်ကို မူကြမ်းတွင် ပိတ်ပင်ထားသည်။ မူလတန်းကို ဖွင့်ခွင့် မပြုခြင်းမှာ စာသင်ကျောင်းအရေအတွက် များစွာပေါ်ထွက်လာမည်ကို စိုးခြင်းကြောင့်ဟုလွှတ်တော် တွင် သြဂုတ်၂ ရက်နေက ဆွေးနွေးစဉ် ပညာရေးဝန်ကြီး ဒေါက်တာမြအေးက ပြောသွားခဲ့သည်။

ယင်းအပြင်  ပြည်ပနိုင်ငံများမှ အကူအညီဖြင့် တည်ထောင် ဖွင့်လှစ်သော ကျောင်းမဖြစ်ရန်နှင့် နိုင်ငံခြားသား ဦးစီး တည်ထောင်သည့် ကျောင်းမဖြစ်ရန်လည်း ကန့်သတ်ထားသည်ဟု သိရသည်။

ဗဟိုအစိုးရကိုယ်စား ပညာရေးဝန်ကြီး ဒေါက်တာမြအေးမှ ဗုဒ္ဓဟူးနေ့တွင် မူကြမ်းတင်သွင်းခြင်းဖြစ်ပြီး "မည်သည့် ကိုယ်ပိုင်ကျောင်းမဆို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို အလေးထား ဆောင်ရွက်ရန်" ဟူသည့် ညွှန်ကြားချက် ပါရှိသည်။

ကျောင်း တည်ထောင်သူများ အနေဖြင့် ဥပဒေချိုးဖေါက်ပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် သုံးသိန်း ကျပ်ကို ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည်။

မူကြမ်းကို အောက်လွှတ်တော်တွင် အတည်ပြုချက် ရယူဦးမှာ ဖြစ်သည်။ အောက်လွတ်တော်မှအတည်ပြု ပြီးပါက ဥပဒေပါ အချက်အလက် အသေးစိတ်ကို နည်းဥပဒေစာအုပ်အဖြစ်ဥပဒေကြမ်းကော်မတီ နှင့် ပညာရေးဝန်ကြီးဌာနတို့မှ ထပ်မံ ထုတ်ပေးမည် ဖြစ်သည်။

အလွတ် ပညာသင်ကြားမှုဟု ခေါ်ဆိုလေ့ရှိသည့် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတန်း အတိုင်း သင်ကြားခြင်း မဟုတ်လျှင်တော့ ပုဂ္ဂလိကကျောင်း ဥပဒေနှင့် အကျုံးမဝင်သလို လက်ရှိ ကျူရှင် အနေဖြင့် ဖွင့်လှစ်ထားသောဘော်ဒါဆောင်များမှာ ပုဂ္ဂလိကကျောင်းအဖြစ် မှတ်ပုံတင်ရတော့မည် ဖြစ်သည်။

ကျင်းပဆဲ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် စည်းဝေးပွဲများသည် ယခုလကုန်တွင် ပြီးဆုံးမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။

Most read this week