ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူးပိုပေးထား

ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူးပိုပေးထား
by -
သျှမ်းသံတော်ဆင့်

လက်ရှိအစိုးရသစ်၏ ပြည်ထောင်စု အင်္ဂါစဉ်တွင် ပြည်နယ်ဝန်ကြီးချုပ်များအား စစ်တိုင်းမှူးများထက် ရာထူး ဌာနန္တရ ပိုမိုပေးထားသည်ဟုပြည်နယ်အစိုးရ နှင့် နီးစပ်သည့် ပုဂ္ဂိုလ်က ဆိုသည်။

“အခုလက်ရှိ ပြည်ထောင်စု အင်္ဂါစဉ်မှာ ဘယ်သူက ပိုအာဏာရှိလဲဆိုတာ အစဉ်လိုက်ကို ဖေါ်ပြထားတာ၊ စစ် တိုင်းမှူးတွေက အဆင့် ၃၄ မှာ ရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက အဆင့် ၁၇ လောက်မှာရှိတယ်။ အမြင့် ဆုံးပုဂ္ဂိုလ်ကတော့ သိထားတဲ့အတိုင်းဘဲ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတနှစ်ဦးတို့ပေါ့” - ဟု ဂျူလိုင်လ ၉ ရက်နေ့  မြန်မာ့အလင်းသတင်းစာ အင်္ဂလိပ်ပိုင်းပါ သတင်းကို ကိုးကား၍ အမည်မဖော်လို သည့်အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

လက်ရှိပြည်ထောင်စုအင်္ဂါစဉ်ဖွဲ့စည်းမှု၏ အမြင့်ဆုံးရထားမှာ ပထမရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ နှစ်ယောက်ဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်း တို့ဖြစ်ကြောင်း၊ အင်္ဂါစဉ်အဆင့် ၃၇ ခုရှိသည့်အနက် စစ်တိုင်းမှူးများအဆင့်က အဆင့် ၃၄ တွင်ရှိကြောင်း၊ ပြည်နယ်ဝန်ကြီး ချုပ်ထက်ပိုမြင့်သည့် ပုဂ္ဂိုလ်များမှာ နေပြည်တော်ရှိလွှတ်တော်ဥက္ကဌများနှင့်ဝန်ကြီး များဖြစ်ကြောင်း - အဆိုပါပုဂ္ဂိုလ်က သုံးသပ်ပြောဆိုသည်။

“အဲဒီကိစ္စက ဇူလိုင်လကတည်းက စတင်လာတာ။ ပြီးခဲ့တဲ့လထဲက သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် လားရှိုးကိုလာတော့ လားရှိုး စစ်တိုင်းမှူးကိုယ်တိုင်က လေးစားသမှုပြု ဆက်ဆံတယ်။ညွှန်ကြားချက် တွေလိုက် နာတယ်” ဟု လားရှိုးဒေသခံ ရပ်မိရပ်ဖ တဦးကလည်း ပြောပါသည်။

၁၉၆၂ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မြန်မာစစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးသည့်နောက် ပြည်နယ် နှင့် တိုင်းများတွင် တိုင်းမှူးများက ဘုရင်များဖြစ်နေကြောင်း၊ သျှမ်းပြည်ရောက် စစ်တိုင်းမှူး များအားလည်း သျှမ်းနိုင်ငံရေးအသိုင်းအဝိုင်းများက မြောက်ပိုင်းစော်ဘွား၊ တောင်ပိုင်းစော်ဘွားဟု လှောင်ပြောင်ခေါ်ဆို ကြကြောင်း အဆိုပါ လားရှိုးဒေသခံ က ဆက်ပြောပါသည်။

သို့သော် လက်ရှိ သျှမ်းပြည်တွင်ဖြစ်ပွားနေသောတိုက်ပွဲအခြေအနေ၊ မြန်မာစစ်တပ်မှ ချိုးဖေါက်နေသည့် လူ့အခွင့်အရေးများအားကြည့်ပါက သျှမ်းပြည်အစိုးရသည် သျှမ်းပြည်၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေ များဖြေရှင်းပေးနိုင်ခြင်းမရှိသေး ။ အနာဂတ်တွင်လည်း မည်မျှဆောင်ကြဉ်းပေးနိုင်မည်ဆိုသည်ကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်များက သုံးသပ်ပါသည်။

Most read this week