ဂီရိ မုန်တိုင်းသင့် ဒေသတွင် လူသတ်မူ ဖြစ်ပွား

ဂီရိ မုန်တိုင်းသင့် ဒေသတွင် လူသတ်မူ ဖြစ်ပွား
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်မှ ဂီရိမုန်တိုင်းသင့် ဒေသ တစ်ခု ဖြစ်သော မြေပုံမြို့နယ်တွင် များမကြာမှီကလူသတ် မူ တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒေသခံ တစ်ဦးက ဖြစ်ပွားပုံကို ဖုံးထဲမှ တဆင့် နိရဥ္စရာသို့ ယခုလို ပြောသည်။

ဂီရိမုန်တိုင်းသင့် မြေပုံမြို့နယ်က ကျေးရွာတရွာ ( ဓါတ်ပုံ- နိရဥ္စရာ)
 ဖြစ်တာက ပြင်ဝန်းရွာမှာပါ။ အလောင်းက ရေထဲ မျောလာပြီးမှ လူသတ်မူ ဖြစ်တယ်ဆိုတာကို သိကြတာပါ။ သေဆုံးသွားတဲ့သူက ညီပုချေဖြစ်ပါတယ်။ ဒဏ်ရာတွေနဲ့ အတူ သူ့အလောင်းကို ချောင်ထဲက သြဂတ်စ်လ ၂၈ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

ပြင်ဝန်းရွာမှာ ကျွန်းသာယာကျွန်းတွင် တည်ရှိသော ကျေးရွာဖြစ်ပြီး အများစုမှာ တံငါ လုပ်ငန်းကို လုပ်ကိုင်ကြသည်ဟု သိရသည်။

"သြဂတ်စ်လ ၂၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ သူ့အလောင်းကို ချောင်းကမ်းစပ်မှာ တွေ့တာပါ။ ကမ်းစပ်မှာသေပြီး တွေ့တာပါ။ အထက်က မျှောလာတယ်လို့ ပြောပါတယ်။ အလောင်းမှာဒဏ်ရာတွေ ကတော့ တော်တော်များပါတယ်။ လည်ပင်ကို ဓါးနဲ့ ခုတ်ထားပြီး လည်တခု လုံးပြတ်လု နီးပါးနဲ့ အရေ လောက်ပဲ တွဲကျန်နေပါတယ်။ ပြီးတော့ဓါးထိုးထားတဲ့ အပေါက်တွေလဲ ၁၇ ချက်တောင် မကပါဘူး" ဟု သူက ပြောသည်။

အဆိုပါအလောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ မြေပုံဆေးရုံးကြီးသို့ ယူဆောင်သွားကြောင်းနှင့် တရားခံ ကိုလည်း ယခု အချိန်ထိ ရှာမတွေ့ ရှိ်ရသေးကြောင်းသိရသည်။ ၎င်းပြင် သူကို မည်သူက သတ်သွားသည်၊ မည်သည့် အတွက် သတ်သွားသည်ကိုလည်း တိတိကျကျ မသိရသေးကြောင်း သူက ပြောသည်။

သက်ဆိုင်ရာမှ တရားခံကို ရှာဖွေ မတွေ့သေး၍ ရွာသားများကို ငါးရှာမထွက်ရဟု အမိန့် ထုတ်ထားသဖြင့် ငါးဖမ်းသမားများမှာ အတိဒုက္ခရောက်နေကြရသည်။

"ခုပြင်ဝန်းရွာမှာ ပြဿနာဆက်တက်နေတာက လှေသမားတွေဟာ အမှုခင်းဖြစ်တဲ့နဲ့ကနေ စပြီး ခုထိ ပင်လယ်ကို ငါးရှာဖို့မသွားရဘူး။ တရားခံရမှ ခွင်ပြုမယ်လို့ ရဲက ပြောပါတယ်။ အဲဒီတော့လှေသမားတွေ အားလုံး ဟာ စားဝတ်နေရေး အတွက် တော်တော်အခက်ခဲရှိနေကြပါတယ်" ဟုပြောသည်။

သေဆုံးသူ ညီပုချေမှာ အသက် ၂၇ နှစ်အရွယ်ရှိ သူ့တွင်သမီးငယ် တဦးနှင့် ဇနီးဖြစ်သူတို့ ကျန်ရှိခဲ့ ကြောင်းသိရသည်။

Most read this week