လွတ်လပ်သော မွန်သတင်းအေဂျင်စီ –တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA) သည် အင်အားထောင်နှင့်ချီပြီးရပ်တည် လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ဒီကေဘီအေ၏ ကလိုထူးဘော စစ်ဌာနချုပ်ပြန်ကြားရေးတာဝန်ခံ က ယနေ့ ပြောဆိုလိုက်သည်။
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က ဒီကေဘီအေအား နိုင်ငံတော်ဖွဲ့ စည်းပုံနှင့် အညီ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးဖြစ်သဖြင့် DKBA ဟူ၍ မရှိတော့ကြောင်း စက်တင်ဘာ ၂ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ခြင်းအပေါ် ဒီကေဘီအေက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပြန်ကြားရေးတာဝန်ခံက “ဒီကေဘီအေတပ်ဖွဲ့က အင်အား သုံးထောင်ဝန်းကျင်နဲ့ ရပ်တည်နေ ဆဲဖြစ်တယ်၊ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်သည့်တပ်ဖွဲ့နဲ့ ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့ မြိုင်ကြီးငူတပ်ဖွဲ့တွေ အင်အား အဓိက ရှိတယ်”ဟု ပြောသည်။
မြန်မာအစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံသောဒီကေဘီအေတပ်ဖွဲ့များ သည် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။
ယင်းတပ်များသည် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြိုင်ကြီးငူဒေသရှိ လှိုင်းဘွဲ့နှင့် ဖားအံခွင်တလျှောက်မှာ ကေအဲန်ယူတပ်များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။
ယင်းဒီကေဘီအေတပ်ဖွဲ့များသည် တဖက်တွင် စစ်ရေးအရ ကေအဲန်ယူနှင့် ပူးပေါင်းပြီး အစိုးရတပ်ကို တိုက်ခိုက်နေသလို နိုင်ငံရေးအပိုင်းမှာလည်း ကေအဲန်ယူနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်သွားလိုသည်ဟု ဆိုသည်။
ဒီကေဘီအေသည် ကေအဲန်ယူအဖွဲ့မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်အစိုးရ၏ အစီစဉ်အရ ဒီကေဘီအေတပ်ဖွဲ့အများအပြား နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းခဲ့သည်။
သို့ရာတွင် ထိုသို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရခြင်းကို လက်မခံသည့်ဗိုလ်မှူကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့်တပ်များက ဒီကေဘီအေနာမည် ဆက်လက် ခံယူပြီး စစ်ရေးအရ လှုပ်ရှားနေခြင်းဖြစ်သည်။
ဒီကေဘီအေ မရှိတော့ကြောင်း အစိုးရပိုင် သတင်းစာမှ ကြေညာသည့် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲ့ ပြီး နောက်ပိုင်း ဒီကေဘီအေမှ ထွက်လာသည့် အရာရှိ စစ်သည်ဟောင်းများဖြင့် နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည်။
၎င်းပါတီတွင် ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေနှင့် အတွင်းရေးမှူး စောသန်းမြတို့ဖြင့် ဦးဆောင်နေပြီး၊ လက်ရှိ ကရင်ပြည်နယ်၏ စီးပွားရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်ဟု ကေအိုင်စီသတင်းတပုဒ်တွင် ဖော်ပြထားသည်။