ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စုပါမည်ကို ကြံ့ခိုင်ရေးအမတ် မလိုလား

ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စုပါမည်ကို ကြံ့ခိုင်ရေးအမတ် မလိုလား
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကော်မတီတွင်ဒေါ်အောင်ဆန်း စုကြည်ကို ကော်မတီဝင် အဖြစ် ထည့်သွင်းရန် အကြံပြုမှုကို ဗိုလ်မှူးကြီးဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ် ဦးလှဆွေမှ  လိုလားမှု မရှိဟု အင်္ဂါနေ့ အထက်လွှတ်တော် ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြားသွားကြောင်း လွတ်တော် အမတ်များက ပြောသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ် ဦးလှဆွေက လိုလားမှု မရှိဟု လွတ်တော်တွင် ဆွေးနွေး (ဓါတ်ပုံ မဇ္စျိမ)

မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက Myanmar ကို Burma ဟု ခေါ်ဆိုသူ ငြိမ်းချမ်းရေး ကော်မတီတွင် ပါဝင်ပါက မိမိအနေနှင့် သံသယ ဖြစ်မိကြောင်း လွှတ်တော် ဆွေးနွေးပွဲ တွင် ပြောသွားသည်ဟု ဆိုသည်။ ဦးလှဆွေက အမည်တပ် ပြောဆိုသွားခြင်း မရှိသော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆနး်စုကြည်ကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု အမတ်အားလုံးက ယုံကြည် ကြသည်။

လွန်ခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉မှ ကြံ့ဖွံ့အမတ် ဦးထွန်းလွင်က “မြန်မာနိုင်ငံ အတွင်း ထာဝရငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အတွက် အမြဲတမ်းကော်မတီ ဖွဲ့စည်းရေး” အဆိုကို အထက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ ယင်းအဆိုကိုရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃ ဒေါက်တာ အေးမောင်က ဖြည့်စွက် ဆွေးနွေးရာ ကော်မတီတွင်ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးခဲ့သည်။

Burma ဟူသည့် အသုံးအနှုန်းကို ၁၉၈၉ ခုနှစ်တွင် Myanmar ဟု အာဏာသိမ်း စစ်အစိုးရက ပြောင်းလဲ
ခေါ်ဝေါ်ခဲ့သည်။ ယင်းသို့ ပြောင်းလဲ ခေါ်ဝေါ်စေမှုသည် ပြည်သူလူထု၏ ဆန္ဒ မပါခြင်းကြောင့် မိမိအနေဖြင့်
Burma ဟုသာ ခေါ်ဆိုမည် ဖြစ်ကြောင်း လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) ၏ ယခုနှစ်မေလအတွင်း က ထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဖူးသည်။

ဦးလှဆွေက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ မအောင်မြင်ရခြင်းမှာ အစိုးရမှ “အခွင့်ထူး” များ မပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသွားခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကိုလည်း နောက်ကွယ်တွင် ပံ့ပိုးပေးသူများရှိနေ ကြောင်းလည်း စွပ်စွဲပြောဆိုသွားသည်ဟု အမျိုးသား လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြန်လည် ပြော ပြခဲ့သည်။

Most read this week