အမေရိကန် ဂီတအဖွဲ့ မြန်မာပြည် သွားမည်

အမေရိကန် ဂီတအဖွဲ့ မြန်မာပြည် သွားမည်
by -
အေးလဲ့

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပညာရေးနှင့် ယဉ်ကျေးမူ ဖလှယ် ရေး အစီအစဉ်အရ The Earth String တေးဂီတ အဖွဲ့သည် အရှေ့တောင်အာရှ တေးဂီတ ဖျော်ဖြေ ရေး ခရီးစဉ်တွင် မြန်မာနိုင်ငံသို့လည်း သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။

The Rhythm Road အမည်ရ အဆိုပါ တေးဂီတ ခရီးစဉ်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် Jazz at Lincoln Center တို့၏ ပူးပေါင်း အစီအစဉ်ဖြစ်ပြီး မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။
ESB
၎င်းတို့ အဖွဲ့သည် လာအို၊ ထိုင်း ၊ မြန်မာ ၊ အရှေ့တီမောနှင့် တောင်ကိုးရီးယား နိုင်ငံများသို့ စက်တင်ဘာလ ၈ ရက်နေ့မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ သွားရောက်မည် ဖြစ်ကြောင်း The Earth String ၏ ဝက်ဘ်ဆိုဒ် တွင်ဖော်ပြထားသည်။

The Earth String အဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်ကို လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သတ်မှတ်ထားသည် ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင်လည်း ရေးသားထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ Bluegrass အဖွဲ့ဖြစ်တဲ့ The Earth String Bandဗီဇာ ရရင် မြန်မာပြည်ကို သွားမှာဖြစ်ပါတယ် ”ဟု သြဂုတ်လ ၃၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပြောဆိုထားသည်။ Bluegrass သည် အာဖရိကန်-အမေရိကန် ကျေးလက်တေးဂီတ အမျိုးအစား တမျိုး ဖြစ်သည်။

Bluegrass ဂီတ အမျိုးအစားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စိတ်ဝင်စားသူ အလွန်နည်းပါးသေးသည်ဟုတေးရေး မြင့်မိုးအောင် က ပြောသည်။

“ဗမာပြည်ကို လာတုန်းက ကျနော်တခါ ကြည့်ဖူးတယ်။ ဒီတခေါက်ပွဲကတော့ ကျနော်သေချာ မသိသေးဘူး။မြန်မာပြည်မှာ စိတ်ဝင်စားတဲ့သူ နည်းပါတယ်”ဟု ကိုမြင့်မိုးအောင်က ပြောပြသည်။

ယင်း အမေရိကန် ဂီတ ဖျော်ဖြေရေး အစီအစဉ် The Rhythm Road ခရီးစဉ်သည် ၂၀၀၅ ခုနှစ်ကတည်းကနိုင်ငံရပ်ခြား ပရိသတ်များဆီသို့ တနှစ်လျှင် ၁ဝ ကြိမ် ဖျော်ဖြေခဲ့သည်ဟု သိရသည်။

၂ဝဝ၉ ခုနှစ်တွင် The Student Loan အမည်ရှိ တေးဂီတအဖွဲ့နှင့်၂ဝဝ၈ ခုနှစ်တွင် Maya Azucena Band အဖွဲ့တို့သည်လည်း  မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

Most read this week