မြန်မာ့ သစ်သား ပန်းပုလက်ရာများ ဘင်္ဂလာဒေချ့်သို့ တရားဝင် တင်ပို့နိူင်ပါက အကျိုးရှိမည်

မြန်မာ့ သစ်သား ပန်းပုလက်ရာများ ဘင်္ဂလာဒေချ့်သို့ တရားဝင် တင်ပို့နိူင်ပါက အကျိုးရှိမည်
by -
မောင်အေး

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ယခုအခါ မြန်မာ့နိုင်ငံ ဘက်မှ တင်သွင်းသည့် သစ်သား ပန်းပုလက်ရာ ရုက်ထုများကို လူကြိုက် များလျှက်ရှိနေသဖြင့် တရားဝင် တင်ပို့နိုင်ပါက မြန်မာနိုင်ငံအတွက် အကျိုး အမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Carving-of-Myanmarယခုအခါ မြန်မာနိုင်ငံမှ ထုတ်လုပ်သော ပန်းပုရုပ်ထုများကို တရားမဝင်နည်းဖြင့် ဘင်္ဂလာဒေချ့်သို့ တင်သွင်းနေကြပြီး ကော့ဘဇားမြို့ စျေးကွက်တွင် အထူးရေပန်းစား လူကြိုက်များနေကြောင်း သိရသည်။

ကော့ဘဇား Rakhine Market မှ ဆိုင်သည် တဦးက ကော့ဘဇားတွင် မြန်မာရုပ်ထုများ ရရှိနေသည့် စျေးကို ယခုလို ပြောသည်။

" လူရုပ်က ၁၂၀၀၀ တာကာ၊ ကိန္ဒရာ အရုပ်က ၂ ပေခွဲကို ၈၀၀၀ တာကာ၊ သိန်းငှက်ရုပ်ထု ၂ ပေခွဲ ၈၀၀၀ တာကာနဲ့ မိန်းမရုပ်ထု ၂ ပေကို ၆၀၀၀ တာကာ ရပါတယ်။ ရောင်းအားတော့ ကောင်း ပါတယ်။ အများစု ၀ယ်နေတဲ့ ဖေါက်သည်တွေကတော့ ဒက္ကား၊ ခေါ်မီလာဘက်က ဖြစ်ကြပါတယ်။ ဆိုင်ပေါ်မှာတော့ ဖမ်းတာ ဆီးတာ မရှိဘူး။ နယ်စပ်မှာဆိုရင်တော့ ဖမ်းပါတယ်" ဟု ပြောသည်။

၎င်းပြင်သူက "ကျွန်တော်တို့က ပေနဲ့လက်မနဲ့ ရောင်းတာ မဟုတ်ဘူး။ အရုပ်ကိုကြည့်ပြီး ရောင်းတာပါဘဲ။ ကျွန်တော်တို့ ဆိုင်မှာက တန်ဖိုးအားဖြင့် ဆိုရင် ၁၂၀၀ တာကာ အထက်ကိုဘဲရှိတယ်။ ကျွန်တော်တို့က ဆင်ရုပ်၊ မြင်းရုပ်၊ သိမ်းငှက်ပြီးတော့ သစ်သားနဲ့လုပ်ထားတဲ့ အလှ ထိုးတဲ့ ပန်းအိုးတင်တာတွေ အစုံတင်တယ်" ဟု သူက ဆက်ပြောသည်။

မြန်မာ ကျပ်ငွေ ၁၀၀၀မှာ ဘင်္ဂလာ တာကာ ၁၀၀ နှင့် ညီမျှသဖြင့် မြန်မာမှ သစ်သား ရုပ်ထုများတင်ပို့ရသည် မှာ တွက်ခြေကိုက်သည်ဟု သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ တင်သွင်းသော သစ်သား ရုပ်ထုများမှာ တရားဝင် တင်သွင်းနေခြင်း မဟုတ်ဘဲ မှောင်ခို လမ်းကြောင်းမှ တဆင့် တင်သွင်းနေကြခြင်း ဖြစ်သည်။ သြဂတ်(စ်)လ ၃၁ ရက်နေ့ကလည်း မြန်မာဘက်မှ တရားမဝင် တင်သွင်းလာသည့် တာကာငွေ တစ်သိန်းဖိုးရှိ ပန်းပု သစ်သား ရုပ်ထုများကို ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီး ခံရသူမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံ ကောစ်ဘာဇားမြို့ ၀င်းဟုံးတန်းရပ်ကွက်မှ ကိုကျော်ကျော်ဖြစ်သည်။

ယခုကဲ့သို့ လူကြိုက်များသည့်အတွက် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်တောဘက်မှ မြန်မာ့ လက်ရာ သစ်သား ပန်းပု ရုပ်ထုများ နည်းမျိုးစုံဖြင့် ဘင်္ဂလာဒေချ့်သို့ ၀င်ရောက် လျှက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာ့လက်ရာများကို လူကြိုက်များသည့်အတွက် မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ဖို့ခွင့် ရအောင် လုပ်ပေးလျှင် မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်းလည်း ပန်းပုရုပ်ထု ဆိုင်ဖွင်ပြီး ကိုယ်တိုင် ထုလုပ်နေ သူ ကိုအောင်ကျော်ဇောက ထောက်ပြ ပြောဆိုသည်။

" မြန်မာဘက်မှာက ပညာသည်တွေလည်းများတယ်။ ပြီးတော့သစ်လည်းပေါတဲ့အတွက် စျေးချိုတယ်။ ဘင်္ဂလာ မှာ တာကာ ၁၀၀၀ နဲ့ရောင်းရတဲ့ အရုပ်တခုကို မြန်မာဘက်မှာ ကျပ် ၄၀၀ လောက်ဘဲ ရှိတယ်။ ဒါကြောင်း ရောင်းရတာလည်း အဆင်ပြေတယ်။ ဒါပေမယ့် အခု တင်သွင်းနေကြရတာက တရားမဝင် မဟုတ်တဲ့ အတွက် တရားဝင် တင်သွင်းခွင့်ရရင် ပိုအကျိုးရှိနိုင်ပါတယ်" ဟု သူက ပြောသည်။

ကိုအောင်ကျော်ဇောမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံ ဘင်ဒရာဘင်မြို့တွင် ကိုယ်တိုင် ပန်းပုလုပ်ငန်း တခုကို ထူထောင်လုပ်ကိုင် နေသူ ဖြစ်သည်။

" ဒီမှာက မြန်မာ့ သစ်သား ပန်းပု လက်ရာတွေကို လူကြိုက်များပါတယ််။ အန်ဂျီအိုတချို့ကလည်း ဒီလို မြန်မာ လက်ရာတွေကို ကိုရှာ ပြီး ဒီဘင်္ဂလာဒေချ့်မှာ သာမက အိန္ဒိယနဲ့တခြားနိုင်ငံတွေကို တင်ပို့ဖို့ အထိ စီစဉ်ကြတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုပိုင်း အား နည်းတဲ့အတွက် သူတို့အလုပ်မဖြစ်ကြဘူး။ တခါ တခါဆို ကိုယ်လုပ်တာနဲ့ မလုံလောက်တဲ့အတွက် မြန်မာ ဘက်က ယူလာသူတွေဆီကယူပြီး ရောင်းရတယ်" ဟု ကိုအောင်ကျော်ဇောက ပြောသည်။

မြန်မာ့ လက်ရာ ပန်းပုရုပ်များကို ရောင်းချရာတွင်လည်း ၄၀ ရာခိုင်နှုန်း အမြတ်ရရှိပြီး အများ ရောင်းရသည့် အရုပ် လုံးများမှာ ဘာသာရေးနှင့် ပတ်သတ်သည့် ရုပ်ထုများနှင့် နေအိမ်အလှထား တိရိစ္ဆာန်ရုပ်များ၊ မြန်မာ့ယဉ်ကျေးမှု အရုပ်များအပါအဝင် ဟိန္ဒူဘာသာဝင်များနှင့်သက်ဆိုင်သည့် အရုပ်လုံးများဖြစ်ကြောင်း သူကပြောသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံ ကောစ့်ဘာဇားမြို့မှာ နယ်စပ်မြို့ဖြစ်သည့်အပြင် ပင်လယ် ကမ်းခြေမြို့ ဖြစ်သည့် အတွက် ဆောင်းရာသီတွင် လာရောက်လည်ပတ်သူများသည့်အတွက် မြန်မာ ဇီးယို အပါအဝင် မြန်မာ့ အစားအစာ မျိုးစုံနှင့် မြန်မာ့ပန်းပု၊ ပန်းချီ၊ အဝတ်အထည်များကို အဓိကရောင်းချကြရသည်။

ဖလောင်းချိတ်မြို့သို့ လာရောက်လည်ပတ်သူများမှာ Burmese Market ဟု လူသိများသောစျေးဆိုင်တန်းများ သို့ အဓိက လာရောက်လည်ပတ်ကြ ပြီး ပင်လယ်ကမ်းတလျှောက်နှင့် အဓိက ကျသည့်နေရာအများအပြား တွင် ဘားမီးစတိုး၊ ဘားမီး ဖက်ရှင်စသည့် ဆိုင်များကို မြင်တွေ့ရသည်။

Most read this week