ကွမ်းယာဆိုင် ပိုင်ရှင် မောင်တောတွင် ပစ်သတ်ခံရ

ကွမ်းယာဆိုင် ပိုင်ရှင် မောင်တောတွင် ပစ်သတ်ခံရ
by -
နိရဥ္စရာ သတင်းဌာန

မောင်တောမှ ကွမ်းယာဆိုင် ပိုင်ရှင် တဦးကို နစက တပ်ဖွဲ့ဝင် တစ်ဦးမှ ယမန်နေ့ညဉ့်က အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မောင်တောမြို့ ရွှေဇားမြောက် ရပ်ကွက်မှ မူဟာမတ်နာဆက် (ဘ) နုရ်လာဗီ ဖြစ်ကြောင်း သိရသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး သူ၏ ဆွေမျိုး တစ်ဦးက နိရဥ္စရာကို ယခုလို ပြောသည်။

" ညဉ့် ၁၂ နာရီ အချိန်မှာ နစက တပ်သားက လာပြီး ကွမ်းယာဝယ်တယ်။ ညဉ့်နက်နေပြီဆိုတော့ သူက ကြောက်ပြီး မဖွင့်ရဲဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ ဆိုင်ပိုင်ရှင် မူဟာမတ်နာဆက်က ဖွင့်ပေးလိုက်ပါတယ်။ ဖွင့်ပေးတာ ကြာတယ်ဆိုပြီး သူကိုင်လာတဲ့ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။"

အဆိုပါ ကွမ်းယာဆိုင်ပိုင်ရှင်အား သတ်ဖြတ်သူ နစက တပ်သားမှာ ရွှေဇား နစက စခန်းမှ ဖြစ်ကြောင်းသိရ သည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး မောင်တောမြို့မ ရဲစခန်းအား မေးကြည့်ရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောသည်။

" ကျွန်တော်တို့ စခန်းက နယ်ထိန်းတွေ သွားရောက် စစ်ဆေးနေပါတယ်။ ဒီအမူက နစကနဲ့ သက်ဆိုင်တဲ့ အတွက် နစက ဌာနချုပ်မှာဘဲ အမူဖွင့်ပါလိမ့်မယ်။ ဒါကြောင့် အမူအကြောင်းကို ကျွန်တော်တို့ မပြောနိုင်ပါ" ဟု ပြောသည်။

ယခုအခါ အလောင်းအား မောင်တောဆေးရုံသို့ ပို့လိုက်ပြီး သတ်ဖြတ်သူ နစက တပ်သားကို ဌာနချုပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Most read this week