၀ဲ ရောဂါ ခံစားနေကြသော ကျောင်းသူ၊သားများ အား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှတာဝန်ရှိသူ များက ရေထဲတွင် ဆေးထည့်ပေးခြင်း၊ လိမ်းဆေး ပေးခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ပညာပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေသည်ဟုသိရသည်။
“ ၀ဲရောဂါဟာ ကပ်ပါးပိုးကြောင့် ဖြစ်တာပေါ့။ အရေပြားကနေတဆင့် မျိုးပွားတာ ဖြစ်တယ်။ အရေပြား ကနေတဆင့် တယောက်နဲ့ တယောက် ပြန်ထိတွေ့နေတဲ့ချိန်မှာ ကူးစက်နိုင်တယ်” ဟု မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ကျောင်းကျန်းမာရေးဌာန တာဝန်ခံ ဦးသာဝင်းက ပြောသည်။
ပိုးသတ်ဆေးရည်၊ ဓာတုဗေဒ ဆေးရည်များ ရောနှောနေသည့် ရေများကို သုံးစွဲခြင်းကြောင့် ယားယံသည့် ရောဂါများ ဖြစ်ပွားနေသည်ဟု ယူဆရသည့်အတွက် အဆိုပါဒေသသို့ မနက်ဖြန် ရေများသွားရောက်စစ်ဆေး ကြည့်မည်ဟု ဦးသာဝင်းက ဆိုသည်။
အရေပြားယားနာကူးစက်ရောဂါသည် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထ ရှိသော်လည်းယခုနှစ် တွင် အဖြစ်များဆုံးဖြစ်သည်။
“ ၀ဲ ” ရောဂါခံစားနေကြသော ကျောင်းသူ၊သားများအား မနက် ၈ နာရီ ကျောင်းတက်ချိန်တွင်ဆေးလိမ်း ပေးခြင်း စသည်တို့ ပြုလုပ်ပေးသည့်အတွက် ရောဂါကူးစက်မှု လျော့နည်းလာသည်ဟု ဖုတ်ဖရားမြို့နယ်မှ ကျောင်းအုပ် ဦးထိုက်သူအောင်က ပြောသည်။
“ခေါင်းတွေမှာ အနာတွေပေါက်ပြီးတော့ တခေါင်းလုံး အရည်တရွဲရွဲနဲ့ ဖြစ်တာပေါ့။ နောက်တယောက်က ခန္ဒာကိုယ် တကိုယ်လုံးမှာ အရေပြား မွဲခြောက်ပြီး ယားတယ်။ ဒါပေမယ့် အနာတော့ မဖြစ်ဘူး။မဲ့ဆောက် ဆေးရုံကြီးမှာ အရေပြားစစ်တဲ့ စက်နဲ့ သွားစစ်ဖို့ ကြိုးစားနေတာပေါ့”ဟု ပြောသည်။
အရေပြားရောဂါ ခံစားနေရသူ ကျောင်းသားဦးရေ ၁၂၆ ဦးမှ ၃ ဦးသည် အဆိုးဆုံးရောဂါခံစားနေရသည့် အတွက် မယ်တော်ဆေးခန်းတွင် ဆေးကုသမှုခံယူနေရသည်။
မဲ့ဆောက်မြို့၏ တောင်ဖက် ၄၂ မိုင် ကွာဝေးသည့် ဖုတ်ဖရားမြို့နယ်ရှိ အဆိုပါကျောင်းတွင် မူကြိုမှ ၅ တန်း အထိရှိပြီး ကျောင်းသား ၄၇၇ ဦး တက်ရောက်သင်ကြားလျက် ရှိသည်။ ၎င်းကျောင်းသားများမှာ ဘန်းဟတ်၊ ဘန်းဂျက်၊ ၄၄ ကီလိုမီတာရွာ၊ ၄၈ ကီလိုမီတာရွာ၊ ၃၅ ကီလိုမီတာရွာ စသည့် ကျေးရွာ ၁၃ ရွာမှ ဗမာ၊ ကရင်၊ ရခိုင်၊ မွန် စသည့် တိုင်းရင်းသားများကလေးငယ်များ ဖြစ်ကြသည်။