ဒဏ်ရာရ ဒု တပ်ရင်းမှူးနှင့်အဖွဲ့အား ရဟတ်ယာဉ်ဖြင့် အစိုးရသယ်ယူ

ဒဏ်ရာရ ဒု တပ်ရင်းမှူးနှင့်အဖွဲ့အား ရဟတ်ယာဉ်ဖြင့် အစိုးရသယ်ယူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲမှ ဒဏ်ရာရ မြန်မာ စစ်တပ် အရာရှိနှင့်စစ်သည် ၁၀ ယောက်ကျော်အား အစိုးရ ရဟတ်ယာဉ်က ကျေးသီးမြို့သို့ သွားရောက် ကြိုယူစဉ် လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း ကျေးသီးမြို့ သတင်း ရပ်ကွက်ကပြောပါသည်။

“လုံခြုံရေးအထူးတင်းကြပ်တယ်၊ လမ်းဆုံ လမ်းဒေါင့်တိုင်း ဗမာစစ်သား ၃-၄ ယောက်ရှိတယ်။ လမ်းသွား လမ်းလာ  တွေကို ဟန့်တားစစ်ဆေးတယ်။ ခလရ ၁၃၁ ကော တခြားတပ်က ကောပါ်တယ်” - ဟု ကျေးသီး မြို့ခံ တဦး က ပြောပါသည်။

ဩဂတ်စ်၂၉ ရက် တောင်ကြီးမြို့ဘက်မှ သျှမ်းပြည်အလယ် ပိုင်းကျေးသီးမြို့သို့ ရဟတ်ယာဉ်တစီးပျံသန်း ရောက်ရှိခဲ့ ကြောင်း၊ ကျေးသီးမြို့ ပြည်သူ့ ဆေးရုံမှ ဒဏ်ရာပြင်းထန်သည့် မြန်မာစစ်သည် ၁၂ ယောက်အား တောင်ကြီးဘက်သို့  သယ်ဆောင်သွားကြောင်း၊ ရဟတ်ယာဉ်မရောက်မှီ နှစ်ရက်ကတည်းက လုံခြုံရေးအထူး တင်းကြပ်ကြောင်း၊ ကျေးသီး မြို့တွင်း သွားလာသည့်  မျက်နှာစိမ်း၊ကျေးလက်ရွာသားအများအပြားအားဖမ်း ဆီး ရိုက်နှက်စစ်ဆေးကြောင်း ကျေးသီးမြို့ ရဲတပ်ဖွဲ့မိသားစု နှင့် နီးစပ်သူ တဦးက ဤကဲ့သို့ဆက်ပြောပါ သည်။

“ဒီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့မနက်ပိုင်းအထိ ကျေးသီးမြို့ အရှေ့မြောက်ဘက် ဝမ့်ဖွီး ကျေးရွာအုပ်စု ဘက်မှာ တိုက်ပွဲ ကြီးတယ်။ ကျေးသီးဆေးရုံမှာ ဒဏ်ရာရသူ အယောက် ၂၀ ကျော်တောင်ရှိတယ်။ အခု ဒဏ်ရာပြင်းတဲ့ ၁၂ ယောက်ကို ဟတ်စကီးနဲ့လာသယ် သွားတာ ။ စိုးရိမ်ရလို့ထင်တယ်။ ၂၉ ရက်နေ့ က လာသယ်သွားတာ။”

သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကလည်း အဆိုပါတိုက်ပွဲတွင် မြန်မာအစိုးရတပ် ၄ ယောက် ကျဆုံးပြီး အယောက် ၂၀ ထက်မနည်းဒဏ်ရာရရှိသည်ဟုဆိုသည်။

“အစပိုင်းတုန်းက ကျနော်တို့သတင်းရတာ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်မျိုးထွန်း နဲ့ အကြပ်စစ်သည် ၄ ယောက်၊ သေတာ။ ဒါပေမယ့် သေတာက ဗိုလ်မှူးတင်မျိုးထွန်းမဟုတ်ဘူး၊ စစ်ကြောင်းမှူး ဗိုလ်ကြီး သက်နိုင်ဝင်း၊ တကက - ဝင်းညွှန့်၊ တက - မောင် မြင့်၊ တသ - ကျော်သူဦး  ၄ ယောက်သေတယ်လို့ သတင်းရရှိတယ်။ ဒဏ်ရာရတဲ့သူက အယောက် ၂၀ ရှိတယ် ဆိုတာ တော့ ဟုတ်တယ်”  - ဟု ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

မြန်မာအစိုးရသည် ပြည်နယ်အစိုးရများမှတဆင့် လက်နက်ကိုင်တပ်ဖွဲ့များထံငြိမ်းချမ်းရေးကမ်းလှမ်းနေသော် လည်း ရှေ့တန်းရောက် အစိုးရ စစ်တပ်များ တပ်ရုပ်ပြန်ခြင်းအင်အားလျှော့ချခြင်းမပြုဘဲအားဖြည့်တိုးချဲ့ လှုပ်ရှား နေသော ကြောင့် သျှမ်းတပ် နှင့်သော်လည်းကောင်း၊ ကချင်တပ်နှင့်သော်လည်းကောင်းနေ့စဉ် တိုက်များဖြစ်ပွား နေဆဲဖြစ်သည်။