၅ (ည) ဥပဒေ ဖျက်ဖို့ အဆို မဲခွဲဆုံးဖြတ်ရာတွင် RNDP ကြားနေ

၅ (ည) ဥပဒေ ဖျက်ဖို့ အဆို မဲခွဲဆုံးဖြတ်ရာတွင် RNDP ကြားနေ
by -
နိရဥ္စရာ သတင်းဌာန

ပြည်သူ့လွှတ်တော်တွင် ယမန်နေ့က အမျိုးသား ဒီမိုကရေစီ ပါတီမှ ဥက္ကဌ ဦးသိန်းညွှန့် တင်သွင်း ခဲ့သော နိုင်ငံတော် အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) ဖျက်သိမ်းရေး အဆိုကို မဲခွဲဆုံး ဖြတ်ရာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ထောက်ခံမဲ မပေးဘဲ ကြားနေခဲ့ကြောင်း သတင်း ရရှိသည်။

Burma-new-parliamentအဆိုပါ အဆိုအား နောက်ဆုံး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၈ မဲ ၊ ကြားနေ ၄၁ မဲ ကန့်ကွက်မဲ ၃၃၆ မဲ နဲ့ ရှုံးနိမ့် သွားခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ပြောသည်။

" ကျွန်တော်တို့ပါတီက ပြည်သူ့လွှတ်တော် အမတ်တွေ အကုန်လုံး ကြားနေလိုက်ပါတယ်။ ထောက်ခံချက် ပေးဖို့ကတော့ နည်းနည်း ဗြောင်မဲပေး စနစ်ဆိုတော့ နည်းနည်းလေး အဆင်မပြေ ဖြစ်သွားတဲ့ သဘောပါ" ဟု သူက ပြောသည်။

သို့သော်လည်း ဦးသိန်းညွန့်၏ အဆိုကို ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှင် ထောက်ခံ ဆွေးနွေးခဲ့ကြောင်း ဦးဖေသန်းက ပြောသည်။

" ဦးဘရှင်က ၅ (ည) ဆိုတာ ခေတ်နဲ့ မညီတဲ့ အကြောင်း၊ နိူင်ငံရေး သမားတွေကို နှိပ်ကွက်တဲ့ ဥပဒေ ဖြစ်တဲ့ အကြောင်း၊ ကျွန််တော်တို့ တိုင်းပြည်မှာ ဒီ ပုဒ်မဟာ နှစ်ပေါင်းများစွာ တည်ရှိနေတဲ့ အတွက် အကျိုးမရှိတဲ့ အကြောင်းတွေကို တင်ပြသွားခဲ့ပါတယ်။"

သို့သော်လည်း ဦးဘရှင်မှာ မဲခွဲဆုံးဖြတ််ရာတွင် တခြား ရခိုင်အမတ်များ နည်းတူ ထောက်ခံမဲ မပေးဘဲ ကြားနေခဲ့သည်ဟု သိရသည်။

" သူက ထောက်ခံ ဆွေးနွေးပြီး မဲခွဲတဲ့ အခါ ထောက်ခံမဲ မပေးတာက ဘာကြောင့်လည်းဆိုတာတော့ ကျွန်တော်က အတိအကျ မသိပါဘူး။ လျို့ဝှက်စနစ်နဲ့ မဲပေးရင်တော့ ထောက်ခံမူ ဒီထက် ရရှိနိုင်ပါတယ်" ဟု သူက ပြောသည်။

အမျိုးသား ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးသိန်းညွန့်မှ အဆိုပါ ဥပဒေကို ဖျက်သိမ်းရန် အဓိက တင်ပြရသော အကြောင်းရင်းမှာ ၎င်းဥပဒေကကို စပြီး ပြဌာန်းရသော အချိန်တွင် ကွန်မြူနစ် ဝါဒက ကမ္ဘာမှာ ကြီးစိုးနေ သကဲ့သို့ မြန်မာနိုင်ငံတွင် လည်း မြေပေါ် မြေအောက် လက်နက်ကိုင် သူပုန်တွေများ၏ အန္တရာယ် ရှိခဲ့သောကြောင့် ၁၉၄၉ ခုနှစ် လောက်က အဆိုပါ ဥပဒေကို ပြဌာန်းခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

ထိုအချိန်က တိုင်းပြည်၏ လုံခြံုရေးအတွက် လိုအပ်ခဲ့သော်လည်း အဆိုပါ ဥပဒေမှာ ယခု အချိန်တွင် မရှိသင့် တော့ကြောင်း၊ အဆိုပါ ဥပဒေမှာ အလွန်ကျယ်ပြန့်စွာ ဆွဲယူ အသုံးပြုထားသည့် အတွက် ခေတ်နှင့် မလျော်ညီတော့ သဖြင့် အဆိုပါ ဥပဒေကို ရုတ်သိမ်းရန် အဆို တင်သွင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခုအခါ အဆိုပါ ဥပဒေမှာ ဒီမိုကရေစီ ဘက်တော်သားများကို ဖိနှိပ်ရန် အတွက် နိုင်ငံတော် လုံခြံုရေး အကြောင်း ပြချက်ဖြင့် အရေးပေါ် စီမံချက် အက်ဥပဒေ အဖြစ် ကျင့်သုံး နေခြင်း ဖြစ်ကြောင်း ဦးသိန်းညွန့်က လွှတ်တော်တွင် ထောက်ပြ ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week