နတ်မောက်ဆည်ကျိုး နှစ်ရွာရေလွှမ်းမိုး

နတ်မောက်ဆည်ကျိုး နှစ်ရွာရေလွှမ်းမိုး
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။      ။ မကွေးတိုင်းနတ်မောက် မြို့အနီးရှိ ကန်တော်ဆည် ကျိုးပေါက်ခဲ့ရာ ဆည် အောက်ဘက်ရှိ ကျေးရွာနှစ်ရွာ ရေလွှမ်းခံခဲ့ပြီး ရိတ်သိမ်းထားသည့် ပဲများနှင့် စိုက်ခင်းများ ပျက်ဆီး ဆုံးရှုံးသွားခဲ့ကြောင်း ရွာသားများက ပြောသည်။

အင်းကုန်းရွာရှိ ကန်တော်ဆည်မှာ လွန်ခဲ့သည့် သုံးရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အင်္ဂါနေ့ မနက် ၁၁ နာရီခန့်တွင် ဆည်ကျိုးပေါက်ခဲ့ရာ အင်းကုန်း တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများမှ အိမ်ခြေ ၃၀၀ ခန့် နှင့် ပဲစိုက်ခင်း ဧက ၅၀ ထက်မနည်း ဆည်ရေလွှမ်းခံခဲ့ရခြင်းဖြစ်သည်။

“ရွာအနောက်ထိပ် တည့်တည့်ကနေပြီးတော့ ဆည်က ကျိုးကျလာပြီးတော့ တရွာလုံးကို ရေတွေ တိုက်ချသွားတာပေါ့။ မနက်ကြီးမို့ပေါ့ မြင်မြင်ထင်ထင်ဆိုတော့  ပါသွားလည်း လှမ်းဆွဲလို့ရလို့၊ ညဆိုရင် လူတွေအကုန်သေကုန်မှာ” ဟု အင်းကုန်းမြောက်ပိုင်းရွာမှ  ကျေးရွာသား တဦးက မဇ္စျိမကို ပြောသည်။

ရုတ်တရက် ရေဝင်လာသဖြင့် ခြံတွင်းရှိ နွားများ အချိန်မှီ မလွှတ်နိုင်ခဲ့ခြင်းကြောင့် နွားမ တကောင် ရေနစ် သေဆုံး သွားခဲ့ပြီး လူအသေအပျောက်မရှိဟုဆိုသည်။ ဆည်ရေများ ရွာအတွင်းသို့ တနာရီကျော်ခန့် ကြာအောင် စီးဝင်ခဲ့ရာ နေအိမ်အောက်တွင် သိမ်းဆည်းထားသည့် ပဲနှင့် နှမ်းများ ရေတွင် မျောပါသွားကာ ပျက်စီးခဲ့ရပြီး စိုက်ပျိုးထားသည့် ပဲခင်းများတွင်လည်း  သဲနှင့် နှုန်းမြေများ ဖုံးလွှမ်းသွားသဖြင့် စိုက်ခင်းများ ပျက်ကုန်သည်ဟု သိရသည်။

ကန်တော်ဆည်မှာ အနှစ် ၂ဝ ကျော်သက်တမ်းရှိပြီး ဆည်တွင် အစောင့်ဝန်ထမ်းများ မထားရှိသဖြင့် ဆည်ကျိုးမည့် အန္တရာယ်ကို ကြိုတင် မသိရှိခဲ့ရကြောင်းဟု ရွာသားများက ပြောသည်။

“ဟိုးတုန်းက ဆည်ဆိုတော့ ဆည်အစောင့်တို့ ဘာတို့ မရှိတော့ဘူးလေ၊ ရွာနီးချုပ်စပ်က ဆည်အထက်က သစ်ရာကိုင်းရွာ ဆိုတာ ရှိတယ် အဲဒီရွာက ဆည်ကျိုးတော့မယ် ဆိုပြီး ပြောလို့ မြို့ပေါ်သတင်းတွေလှမ်းမေး ပြီးတော့ပြေးရတာ” ဟု အင်းကုန်းရွာသား  ကိုမိုးကြီးက ပြောသည်။

ရေလွှမ်းခံရသည့် အင်္ဂါနေ့မှာပင် နတ်မောက်မြို့မှ မီးသတ်၊ ကြက်ခြေနီအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှ လာရောက် ကြည့်ရှုခဲ့ပြီး ရေလွှမ်းခံရသည့် စိုက်ဧက စာရင်းများနှင့် ဆုံးရှုံးမှုတန်ဘိုးကိုသာ စာရင်းကောက်ယူသွားခဲ့ သည်ဟု ဆိုသည်။

“တကယ့် လုပ်ကိုင်စားလို့ ကောင်းတဲ့ မြေကြီးတွေက ရေတိုက်စားမှု ဖြစ်ပြီးတော့ သဲခင်းကြီး ဖြစ်သွားတယ်။ စိုက်ထားတဲ့ ပဲခင်းတွေလည်း သဲတွေ ဖုံးသွားပြီး ပျက်ဆီးကုန်တော့ လူတွေ တော်တော် နစ်နာတာပေါ့ဗျာ” ဟု ကိုမိုးကြီးက ပြောသည်။ သိန်း ၂၀၀၀ ကျော်ခန့် ဆုံးရှုံးသွားသည်ဟု အာဏာပိုင်များက ခန့်မှန်းကြောင်း သူက ဆက်ပြောပြသည်။

ထို့ပြင် သြဂုတ်လ ၂၇ ရက်နေ့က စံချိန်တင် မိုးရွားသွန်းခဲ့ရာ  နတ်မောက်နှင့် တောင်တွင်းကြီးမြို့ကို ဆက်စပ်ထားသည့် ယင်းချောင်းတံတားမှာ ရေတိုက်စားသဖြင့် ကားလမ်းနှင့် တံတားအကြားရှိ မြေသားများ ပြိုကျခဲ့သဖြင့် ကားလမ်းများ ပိတ်ထားရသည်ဟု နတ်မောက် မြို့ခံများက ပြောသည်။

“တံတာကြီးကတော့ ရှိတယ်၊ ဒါပေမယ့် တံတားနဲ့ ဆက်သွယ်ထားတဲ့ မြေကမူတွေ ရေစားသွားတော့ တံတားကြီးက တာလမ်းနဲ့ အဆက်အသွယ် ပြတ်သွားတာ၊ အခု ကားတွေလည်း ကူးမရဘူး” ဟု နတ်မောက်မြို့ ဒေသခံ တဦးကပြောသည်။ နတ်မောက်မြို့ပေါ် လူနေအိမ်ရပ်ကွက် အချို့တွင်ရေလျှံသည် ဟု ဆိုသည်။

မိုးများသည့်ဒေသများသာမက မိုးနည်းရပ်ဝန်း၌ပင် ထူးကဲစွာ မိုးသည်းခဲ့ရာ သြဂုတ်လ ၂၆ ရက်နေ့တွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ခေတ်အေးရွာမှ မမာလွင် (အသက် ၂၅ နှစ်) နှင့် ရွာသစ်ကုန်းမှ မအေးမာ
(အသက် ၂၄ နှစ်) တို့ ရေစီးဖြင့် မျောပါ သေးဆုံးခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

မိုးခေါင်ရေရှား ရပ်ဝန်းဖြစ်သော မြန်မာပြည် အလယ်ပိုင်းဒေသ  မကွေးတိုင်း ပခုက္ကူမြို့၌  သြဂုတ်လ ၂၇ ရက်နေ့တွင်  မိုးရေချိန် ၅.၆၄ လက်မဖြင့် ၁၆ နှစ်အတွင်း စံချိန်တင် သွားခဲ့သည်။ မူလက ၂.၅၂ လက်မသာ ရှိခဲ့သည်ဟုနေပြည်တော် အခြေစိုက် မိုးလေဝသနှင့် ဇလဗေဒဌာန အင်တာနက်စာမျက်နှာတွင် ထုတ်ပြန် ထား သည်။

အင်္ဂါနေ့ နေ့လည် တနာရီ တိုင်းထွာချက်အရ ဟသာင်္တနှင့် ဇလွန်မြို့များသည် ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ် အထက် ၁ပေကျော်လွန်နေသဖြင့် မြစ်ရေကြီး သတိပေးချက်အဖြစ် ဖော်ပြထားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းမှာ အင်္ဂါနေ့အထိ အားကောင်းနေခဲ့ရာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပြီး လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄ဝ အထိ ရှိမည်ဟု သတိပေးထားသည်။

Most read this week