နယူးဒေလီ (မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက် များတွင် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီးတပတ်ကျော် လာ သည့်တိုင် ရေမကျဘဲ ရှိနေသေးသည့်အတွက် ရာပေါင်းများစွာသော ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်ဟု ဒေသခံ များက ပြောသည်။
လက်ရှိအချိန်ထိ အောင်ချမ်းသာရပ်ကွက်ရှိ ပညာပါရမီ ကျောင်းတိုက်တွင် အိမ်ထောင်စု ၆၆ စု လူဦးရေ ၃၅၇ ယောက်၊ ကုသိုလ်တော် ဘုရားဝင်းအတွင်းတွင် အိမ်ထောင်စု ၁၃၄ စု လူဦးရေ ၅၅ဝ ဝန်းကျင်နှင့် ၁၂ လမ်း အနောက်ဖက် လမ်း ၈၈ နှင့် လမ်း ၉ဝ ကြားရှိ ယာယီကယ် ဆယ်ရေးတဲအိမ်များတွင် အိမ်ထောင်စု ၆ဝ ကျော်နှင့် လူဦးရေ ၂၅ဝ ဝန်းကျင်ရှိနေသည်။
ဘဝ အလင်းရောင်အသင်းမှာ ကယ်ဆယ်ရေး စခန်းများသို့ မသွားရောက်နိုင်သည့် ညောင်ကွဲ ရပ်ကွက်ရှိ ရေဘေး ဒုက္ခသည်များ အတွက် အဓိက ကူညီပေးနေခြင်း ဖြစ်ပြီး အဆိုပါရပ်ကွက်တွင် လူဦးရေ ၁ဝ,ဝဝဝ ကျော် ရှိနေကာရေဘေးဒဏ်ကို ခံစားနေရ သော လူဦးရေ ရ,ဝဝဝ ကျော်ခန့်ရှိကြောင်း အသင်းဝင် ဆရာတော်ဦးဥတ္တမသာရက အမိန့်ရှိသည်။
“ရေကမရှိဘူးဆိုရင် တချို့နေရာတွေမှာတင် ရင်ညွန့်လောက်ထိ ရှိတယ်ဗျာ့။ ဒီအတိုင်းပဲသွား လာနေကြတာပဲ။ ငါးဖမ်းတဲ့လူလဲ ဖမ်းဗျာ။” ဟုလည်း ဆရာတော်က မိန့်ဆိုသည်။
ရေဘေးဒုက္ခသည်များကို အစိုးရ တာဝန်ရှိဌာနဆိုင်ရာများမှလည်း ထမင်းထုပ်များလိုက်လံ ဝေငှပေး နေပြီး၊ မြို့ခံ ပရဟိတ အသင်းများ၊ ပုဂ္ဂလိက စေတနာရှင်များ၊ သွေးလှူရှင်အသင်းနှင့်စိမ်းရောင်စို အသင်းတို့းမှလဲ ထမင်းထုတ်၊ ဘီစကစ်မှုန့်များနှင့် သောက်ရေသန့်ဗူးများ ဝေငှပေးနေကြောင်းသိ ရသည်။
“ ဆေးခန်း ဖွင့်ပြီးဆိုရင် နေ့တိုင်းလိုလို ၁ဝဝ ကျော် ၂ဝဝ လောက်ကတော့ ရှိတယ်။ကလေးတွေက တော့ ဝမ်းပျော့၊ ဝမ်းလျော ဖြစ်တာများတယ်” ဟု ဆရာတော် ဦးဥတ္တမသာရမှ ပြောသည်။
ဆရာဝန် ၈ ယောက်၊ သူနာပြုအကူများနှင့် စုစုပေါင်း ၁၆ ယောက်ခန့်ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက် မှုအဖွဲ့ကို ဘဝအလင်းရောင်အသင်းမှ ရေဘေးဒုက္ခသည်များ၏ ကျန်းမာရေးကို လိုက်လံကြည့်ရှုပေးနေသည်။
တိုင်းဒေသ ကျန်းမာရေးဌာနမှ လည်း ကြက်ခြေနီအဖွဲ့များဖြင့် ကယ်ဆယ်ရေးစခန်းများအတွင်းလိုက်လံ ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။
သြဂုတ်လ တတိယပတ် အတွင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတင်ခဲ့ခြင်းက အချို့နေရာများတွင် ဆက်လက်ရေဝပ်နေဆဲဖြစ်ပြီး စည်ပင်သာယာမှ ရေစုပ်စက် ၁၁ လုံးဖြင့် ညောင်ကွဲ ရပ်ကွက် အတွင်းရှိရေများကို ဧရာဝတီမြစ်အတွင်းသို့ စုပ်ထုတ်ပေးနေသော်လည်း အစိုးရပိုင်းမှဆီမ ပေးဘဲ အလှူရှင်များမှလှူသည့် ဆီများဖြင့်သာ စုပ်ထုတ်ပေးခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ဆီကိုတော့ ဟိုလူလာလှူ၊ ဒီလူလာလှူပေါ့။ တဂါလံ နှစ်ဂါလံ လှူတာတွေရော ဘာတွေရော အဲဒီလိုရတဲ့ ဆီနဲ့ လည်တာပေါ့။ ဆီပြတ်သွားတဲ့အချိန် ရပ်တာပဲ။ ” ဟု ညောင်ကွဲရပ်ကွက်မှ ဒေသခံတဦးကမဇ္စျိမ ကိုပြောသည်။
၂ဝ၁ဝ ခုနှစ်တွင်လည်း မိုးကြီးပြီးနောက် ရေကြီးမှုများရှိခဲ့ပြီး နှစ်စဉ်မိုးရာသီကာလအတွင်း ရေကြီးမှုများ မန္တလေးမြို့ တဝိုက်တွင် မကြာခဏကြံုတွေ့ရလေ့ရှိသည်။
ယခုနှစ်တွင် သြဂုတ်လအတွင်း မိုးရွာသွန်းမှုမှာ လွန်ခဲ့သည့် ၂၄ နှစ်အတွင်း ရွာသွန်းခဲ့သည့်မိုးရေချိန် ထက် ၁ လက်မခန့်ပိုကာ သြဂုတ်လ ၂၃ ရက်နေ့တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒတိုင်းထွာချက်များအရ ရ ဒသမ ၉၉ ရာခိုင်နှုန်းရှိသည်ဟု မန္တလေးအသင်း သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။