ဒေါ်စု နေအိမ်ပြင်မှု အယူခံ နောက်ဆုံးအဆင့် အမိန့်ချတော့မည်

ဒေါ်စု နေအိမ်ပြင်မှု အယူခံ နောက်ဆုံးအဆင့် အမိန့်ချတော့မည်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူဦးအောင်ဆန်း ဦးမှ တားဝရမ်း လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးမှ ပယ်ချခဲ့အပြီး ယင်းအမိန့်ကိုဦးအောင် ဆန်းဦးမှ တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်သည့် အမှုသည် နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကာ မကြာခင်အမိန့်ချရန်ရှိသည်ဟုဒေါ်အောင်ဆန်းစု ကြည် ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“နောက်ဆုံးအမိန့်ချမယ့် အဆင့်ကို ရောက်သွားပါပြီ သူက တရားလွှတ်တော်ဆိုတော့ ကြိုပြီးတော့ မသိရဘူး သူအဆင်သင့် ဖြစ်တဲ့နေ့ကို အမိန့်ချမှာပါ မကြာတော့ပါဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အမှုအတွက် နှစ်ဘက်ရှေ့နေများ ဖြစ်သည့် ဦးအောင်ဆန်းဦးဘက်မှ ဦးဟန်တိုးနှင့်ဒေါ်အောင်ဆန်း စုကြည် ဘက်မှ ဦးဉာဏ်ဝင်းတို့ အင်္ဂါနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ သွားရောက် လျှောက်လဲမှု အပြီး မကြာခင် အမိန့်ချရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ဆိုခြင်း ဖြစ်သည်။
dasskhome
တက္ကသိုလ် ရိပ်သာလမ်း အမှတ် ၅၄/၅၆ ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ၂၀၀၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်အမိုး ပျက်စီးခဲ့ခြင်းကြောင့် ရန်ကုန်စည်ပင်မှ ယင်းနှစ် နိုဝင်ဘာလ အတွင်းမှ ၂ဝ၁ဝ ဧပြီလအတွင်း  ပြုပြင်ခွင့် ပြုခဲ့သည်။

အမွေဆိုင် အငြင်းပွားနေသည့် နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အကိုရင်း ဦးအောင်ဆန်းဦးမှ သူ၏ ခွင့်ပြုချက် မပါဘဲ ပြုလုပ်သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းပေးရန် ရန်ကုန်တိုင်း တရားရုံးသို့ ၂ဝ၁ဝ ဇန်နဝါရီလအတွင်းလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးအောင်ဆန်းဦး၏ ထိုလျှောက်ထားချက်ကို တိုင်းတရားရုံးမှ ၂၀၁၀ ဧပြီလအတွင်း ပယ်ချခဲ့ရာ ဦးအောင်ဆန်းဦးမှ ရန်ကုန်တိုင်း တရားရုံးချုပ်သို့ ယင်းနှစ် မေလ ၁၃ ရက်နေ့တွင် ထပ်မံ၍အယူခံ ဝင်ခဲ့ခြင်းဖြစ်သည်။ ယခု ထိုအယူခံသည် နောက်ဆုံးအဆင့်ကို အမိန့်ချရန် ရှိနေခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် မြန်မာသံအမတ်အဖြစ် အမှုထမ်းဆောင်နေစဉ်တွင်
ထိုအချိန်က ဝန်ကြီးချုပ် ဦးနုက ထိုနေအိမ်ကို ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်ကတည်းက ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ပင် နေထိုင်ခဲ့သည်။

ဦးအောင်ဆန်းဦးသည် အမွေဘုံပစ္စည်း စီမံခန့်ခွဲမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၁ ခုနှစ်အတွင်းက တရားစွဲဆို ခဲ့သေးသည်။ ယင်းအပြင် မပြီးပြတ်သေးသည့် အိမ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ပြည်တွင်း ထုတ် မော်နီတာ ဂျာနယ်နှင့် ဦးအောင်ဆန်းဦး တွေ့ဆုံ မေးမြန်းခြင်းတွင် အိမ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးမှ မိမိနိုင်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးအောင်ဆန်းဦးကို တရားရုံးအား မထေမဲ့မြင် ပြောကြားမှု၊ ထိုပြောကြားချက်ကို ဖေါ်ပြသည့် မော်နီတာ ဂျာနယ်မှ ထုတ်ဝေသူ ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကို ယခုလ ၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သေးသည်။

ယင်းအမှုကို တိုင်းတရားရုံးမှ လက်ခံပြီးဖြစ်ကြောင်းလည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ မဇ္ဈိမကို ပြောဆိုခဲ့သည်။

Most read this week