ကျိုင်းတုံ-မိုင်းယန်း-တရုတ်ပြည်လမ်း တောင်ပြို ခရီးသွားလာမှု ရပ်နားထားရဆဲ

ကျိုင်းတုံ-မိုင်းယန်း-တရုတ်ပြည်လမ်း တောင်ပြို ခရီးသွားလာမှု ရပ်နားထားရဆဲ
by -
မွေခေါဝ်

သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့နှင့် တရုတ်ပြည် (ဆစ်ဆောင်ပန်းနား)သို့ ဆက်သွယ်သည့် အဓိက ကုန်သွယ် ရေးလမ်းမဖြစ်သော ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း၌ တောင်ပြိုသဖြင့် ကုန်တင်ကားအပါ အဝင် ခရီးသွား လာမှုအားလုံးရပ်နားထားရကြောင်း သိရှိရပါသည်။

“မိုးအရမ်းရွာလို့ တောင်ပြိုကျတာ ၂ နေရာတောင်။ မြေကြီးတွေကို ဖယ်ရှားပစ်ဖို့ မိုင်းပြင်းက မြေထိုးစက်ကို စောင့်နေတာတဲ့။ ဒီနေ့ဆို ၅ ရက်ရှိပြီ။ လမ်းကမပေါက်နိုင်သေးဘူး။ ကုန်တင်ကားတွေ ခရီးသည်တင်ကား တွေ လမ်းမှာတန်းစီနေတာဘဲ” ဟု ကျိုင်းတုံကုန်သည်တစ်ဦးက ပြောပါသည်။

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လွန်ခဲ့သော ၄ ရက်ခန့် ကျိုင်းတုံမှ ၁၄ မိုင်အကွာနှင့် ၁၉ မိုင်အကွာ(ကျိုင်းတုံနှင့် မိုင်းခတ်အကြား)၌ တောင်ပြိုကျခဲ့သည်။ ကျိုင်းတုံ-မိုင်းလား တိုက်ရိုက်ဆက်သွယ်သည့် (အစိုးရတပ်ထိန်းချုပ် နယ်မြေနှင့် မိုင်းလားတပ်ဖွဲ့တို့အကြား နယ်ခြားဂိတ်) နမ့်လွေချောင်းကူး တာ့ပင်း ဂိတ်မှကုန်တင်ကားဖြတ် သန်းခွင့်အား  မြန်မာဘက်မှ ၅ လကျော်ကြာ ပိတ်ထားသောကြောင့် တရုတ်ပြည် သို့သွားမည့် ကုန်တင်ကားများ ခရီးဝေးသည့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းကိုသာ  အသုံးပြုနေကြရ ခြင်းဖြစ်သည်။

“ခရီးလဲဝေးပြီး လမ်းကြမ်းလို့ ပွင့်လင်းရာသီမှာတောင် လမ်းမှာတစ်ညအိပ်ရတယ်။ မိုင်းလားသွားရင် အဲဒီ လမ်း အတိုင်းဘဲ ကွေ့ပတ်သွားရတယ်။ အခုမိုးရာသီဆိုတော့ မိုင်းလားရောက်ဖို့ ၂ ရက် ၃ ရက် အချိန်ယူရ တယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

ကျိုင်းတုံ-မိုင်းလား(မှတဆင့် တရုတ်ပြည်သို့)လမ်းအား မြန်မာစစ်တပ်ဘက်မှ သွားလာခွင့်ပိတ်ထားသည်ဟု ဆိုသော်လည်း အလတ်စားကုန်ကားများအနေဖြင့် တာ့ပင်းဂိတ်စောင့် မြန်မာအာဏာပိုင်ထံ ကျပ်ငွေ(အနည်းဆုံး) တစ်သိန်းနှင့် နှစ်သိန်းကြားပေးပါက ရံဖန်ရံခါ ဖြတ်သန်းသွားလာနိုင်ကြောင်းကားဆရာ တစ်ဦး က ပြောပါသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့နှင့် သျှမ်းအရှေ့မြို့တော် ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေချောင်းကူးတံတား နယ်ခြားတာ့ပင်းဂိတ် ကုန်တင်ကားဝင်ထွက်မှု အားလုံး ၂၀၁၁ မတ်ချ် ၂၆ ရက်မှစ၍ နအဖအာဏာပိုင်မှ ဒုတိယအကြိမ် ပြန်လည် ပိတ်ပင်ခဲ့သည်။

Most read this week