ဒုက္ခသည် ပြန်လက်ခံရေးကို အစိုးရပိုင် မြန်မာ သတင်းစာများက မဖေါ်ပြ

ဒုက္ခသည် ပြန်လက်ခံရေးကို အစိုးရပိုင် မြန်မာ သတင်းစာများက မဖေါ်ပြ
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့် အစိုးရက သူနိုင်ငံအတွင်း ရောက်ရှိ နေသော မြန်မာနိုင်ငံသားများကို လက်ခံ ယူရန် မြန်မာ အစိုးရနှင့် ဆွေးနွေးရာတွင် မြန်မာဘက်က အပြုသဘော တုန့်ပြန်ခဲ့သည်ဟု ကျေညာချက် ထုတ်ပြန်သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အစိုးရပိုင် မြန်မာ သတင်းစာများတွင် တလုံး တပါဒမျှ ဖေါ်ပြထားခြင်း မရှိကြောင်း သိရသည်။

Bangladesh-Myanmar-meeting
နှစ်ဘက် ကိုယ်စားလှယ်များ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ဆွေးနွေး နေစဉ်။ သြဂတ်စ် လ ၂၈ ရက်နေ့ထုတ် မြန်မာ အစိုးရပိုင် သတင်းစာတွင် ဆွေးနွေးပွဲ၏ တခြား အကြောင်း အရာများကို ဖေါ်ပြသော်လည်း ဘင်္ဂလာဒေချ့်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ပြန်လက်ခံရေးကိစ္စကို တစုံတရာ ဖေါ်ပြထားခြင်း မရှိချေ။

မြန်မာ သတင်းစာများက " ဆွေးနွေးပွဲ၌ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ ရေအားလျှပ်စစ်စီမံကိန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သတင်းနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစသည့် နယ်ပယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုလသမဂ္ဂနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ နယ်ပယ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်" ဟု ဖေါ်ပြသည်။

ဆွေးနွေးပွဲကို နေပြည်တော်တွင် သြဂတ်စ်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည်။ မြန်မာဘက်မှ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေချ့်ဘက်မှ နိုင်ငံခြားရေး အတွင်းဝန် မစ္စတာမိုဟာမက် မီဂျာရူးခါးရားစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့သည်။

ယခု ဆွေးနွေးပွဲမှာ ပဥ္စမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ချ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား ဒုတိယဝန်ကြီး၊ အတွင်းဝန် အဆင့် ညှိုနှိုင်းဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေချ့် အစိုးရမှ သူနိုင်ငံတွင် ၀န်ထုတ် ၀န်ပိုး ဖြစ်နေသော မြန်မာနိုင်ငံသားများကို မြန်မာ နိုင်ငံသို့ ပြန်ပို့ရေးကို မြန်မာနှင့် တွေ့ဆုံ ဆွေးနွေးပွဲတိုင်းတွင် တင်ပြ ပြောဆိုသော်လည်း မြန်မာဘက်က လက်ခံလိုကြောင်း သံတမန်နည်းအရ ပြောဆိုရုံမှ အပ လက်တွေ့တွင် တစုံတရာ အကောင် အထည်ဖေါ် ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များကို လက်ခံထားရာ ကော့တော ပလောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် တစ်ဦးအား မြန်မာနိုင်ငံ အစိုးရမှ အခုအခါ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် ပြောဆိုနေပြီ ဖြစ်သဖြင့် ပြန်လိုပါသလားဟု မေးမြန်းရာ သူက ယခုလိုပြောသည်။

" ကျွန်တော်တို့ကို မြန်မာအစိုးရက ပြန် လက်ခံမယ်ဆိုတာကို ကျွန်တော်တို့ မယုံဘူး။ အကယ်၍ ကျွန်တော်တို့ကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် ကျွန်တော်တို့ကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုရမယ်။ ဟိုရောက်ရင် ကျွန်တော်တို့ လယ်မြေတွေကို ကျွန်တော်တို့ကို ပြန်ပေးရမယ်။ လွတ်လပ်စွာခရီးသွား လာခွင့် ပြုရမယ်။ ဒီလို အချက်တွေရမှ ပြန်မယ်။ မဟုတ်ရင် မပြန်နိုင်ပါဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံမှ ရောက်ရှိနေသော ဒုက္ခသည်များကို ဘင်္ဂလာဒေချ့် အစိုးရက သူ့နိုင်ငံ အတွင်း မထားလို သော်လည်း မြန်မာ အစိုးရမှ လက်ခံယူရန် စိတ်ဆန္ဒ မရှိခြင်းနှင့် ဘင်္ဂလာဒေချ့်ကို ရောက်ရှိနေသာ မွတ်ဆလင် ဒုက္ခသည် အများစုကလည်း ပြန်လို စိတ် မရှိခြင်းကြောင့် အဆိုပါ ဒုက္ခသည် ပြန်ပို့ရေပြဿနာ မှာ ဖြေရှင်း၍ မရဘဲ ဆယ်စုနှစ်နှင့် ချီပြီး လိပ်ခဲတည်းလည်း ဖြစ်နေခြင်း ဖြစ်သည်။

Most read this week