မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချ ထားသော ရေတပ်စခန်းမှ တရားမဝင် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာတွင် တပ်စွဲထားသော ရေတပ်စခန်းမှ အဆိုပါ စခန်း၏ ရေတပ် သင်္ဘောများ လှည့်လည် သွားလာနေသော ရေပြင်တွင် လာရောက် ငါးဖမ်းသော လှေများမှ ထိုကဲ့သို့ ဆက်ကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။
Fishing-Boat-Arakan
" ကျွန်တော်တို့ ရဲကျွန်းနဲ့တိုက်ကျွန်း အကြား ပင်လယ်ပြင်မှာ ငါးဖမ်းဖို့အတွက် မာန်အောင် မျှော်တော်ဦး ရေတပ် စခန်းကို အရင် လတွေကဆိုရင် တစ်လကို ကျပ်ငွေ ၁၀၀၀၀ စီ ပေးသွင်းရပါ တယ်။ အခုလမှာဆို ရင် တစ်လကို ကျပ်ငွေ ၁၅၀၀၀ ပေးသွင်းရပါတယ်။ သူတို့တောင်းတဲ့ငွေကို မပေးဘူးဆို ရင်ပင်လယ်ပြင် မှာ လိုက်ဖမ်းဆီးမယ်လို့ ပြောပါတယ်" ဟု အဆိုပါ ဒေသတွင် ငါးဖမ်းနေသော ရမ်းဗြဲ မြို့နယ်ကျောက်နီ မော်မှ ငါးဖမ်းစက်လှေ ပိုင်ရှင် တဦးက ပြောသည်။

ငါးဖမ်းစက်လှေ တစီးအနေဖြင့် တစ်လကို ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ခွဲထိ ပေးသွင်းရန်ကို မျှော်တော်ဦး ရေတပ် စခန်းမှ ဗိုလ်မှူး အောင်ငွေမှ အမိန့်ထုတ်ထားသည်ဟု မျှော်တော်ဦး ရွာသား တဦးက ပြောသည်။

" ကျွန်တော်တို့မာန်အောင်ကျွန်းက ငါးဖမ်းသမားတွေကို မျှော်တော်ဦး ရေတပ် စခန်းမှူး အောင်ငွေက ခင်ဗျားတို့ ရမ်းဗြဲ- မာန်အောင် ရေလက်ကြားထဲမှာ ငါးဖမ်းမယ်ဆိုရင် တစ်လကို တစ်သောင်းခွဲ ပေးရမယ်။ မပေးဘူးဆိုရင် ဘယ်သူမှ ငါးမဖမ်းရဘူး။ ငွေမပေးပဲ ဖမ်းတဲ့ ငါးဖမ်းသမား တွေကို တွေ့ရင် လူကို လည်းဖမ်း၊ လှေကိုလည်း သိမ်းယူမယ်ဆိုပြီးတော့ အဲသလို အမိန့် ထုတ်ထား ပါတယ်" ဟု ပြောသည်။

ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းအကြား ပင်လယ်ပြင်တွင် ငါးပေါများသဖြင့် ရခိုင်ပြည်နယ် အနှံ့အပြားက လာရောက် ငါးဖမ်းကြသည်ဟု သိရသည်။ ထိုအထဲတွင် ရမ်းဗြဲမြို့နယ်မှ ကျောက်နီမော်၊ ဦးက၊ အောင်လှပြင် ကျေးရွာနှင့် မာန်အောင် မြို့နယ်မှ ခအုံးမော်၊ ကုန်တန်း၊ ဇရပ်ကုန်းခင်၊ ပြားကြီး၊ မျှော်တော်ဦး၊ သစ်ပုံကျေးရွာများ ဖြစ်ကြသည်။

ယခုလို ဒေသခံ ငါးဖမ်းသမားများမှ ကောက်ခံနေသော ငွေများမှာ နိုင်ငံတော် အခွန်ဘဏ္ဍာ အတွက် မဟုတ်ဘဲ သူတို့၏ ကိုယ်ကျိုး အတွက် ဖြစ်ကြောင်း ကျောက်နီမော် ငါးဖမ်း စက်လှေပိုင်ရှင်က ပြောသည်။

" ကျွန်တော်တို့က စက်လှေ အတွက်ရော ငါးဖမ်းခွင့် အတွက်ပါ ငါးလုပ်ငန်း ဦးစီးဌာနကို ကျွန်တော်တို့က အခွန် ဆောင်ထားပြီးပါပြီ။ အခု ရေတပ်က ကောက်ခံတာက သူတို့ ကိုယ်ကျိုး အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ အကြောင်းအမျိုးမျိုးပြပါဘဲ။ ခင်ဗျားတို့ ငါးဖမ်းလှေတွေ ပြဿနာ မပေါ်ရအောင် စောင့်ရှောက်ဖို့ စက်သုံးဆီးတွေ ၀ယ်ဖို့လိုတယ်။ ဘာညာနဲ့ ပြောပြီး ယူနေတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ ရခိုင် ငါဖမ်းစက်လှေများမှ ရေတပ် တခုသာ မဟုတ်ဘဲ နီးစပ်ရာ ရဲစခန်းများမှလည်း ငွေကောက်နေကြောင်း သိရသည်။

မာန်အောင်မြိ့နယ် တောင်ပိုင်းတွင် ရှိသော ဇီးတော၊ ကျူ၊ မကွေး၊ ကအိ၊ ကမား ကျေးရွာများရှိငါးဖမ်း သမား များထံမှလည်း ရဲမိသားစု ရံပုံငွေဟုဆိုကာ ကမားရဲစခန်းမှ ငါးဖမ်းဘုတ်တစီးကို တစ်လလျှင် ကျပ်ငွေ ၁၂၀၀၀၊ ငါးဖမ်းလှေတစီးကို ကျပ်ငွေ ၅၀၀၀ စီကောက်ခံနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာတွင် ငါးဖမ်းစက်လှေများမှ ငွေလက်ခံ ရရှိကြောင်း ငွေရ ပြေစာ မပေးဘဲ လိုင်စင်ကြေးဟုဆိုကာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းစက်လှေ တစ်စီးကို ကျပ်ငွေ ၂၅၀၀၀ ကောက်ယူ နေသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူများ ဆင်းရဲ မွဲတည်နေကြရခြင်း၏ အဓိက အကြောင်း အရင်းမှာ ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ်၊ ရေတပ်နှင့် ရဲတပ်ဖွဲ့များ တရားမဝင်အကောက် များကို အကြောင်း အမျိုးမျိုးပြပြီး ကောက်ယူနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

လက်ရှိ တိုင်းပြည် အာဏာကို ရယူထားသော သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေဖြင့် ရခိုင်ပြည်နယ်၏ ဆင်းရဲ မွဲတည်မူကို လျှော့ချလိုလျှင် လက်နက်ကိုင်တပ်ဖွဲ့များ၏ မတရားသဖြင့် အနိုင်ကျင့်ပြီး အခွန် အကောက် ကောက်ခံနေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ရခိုင်ပြည်သူများက ထင်မြင် ယူဆပြောဆို လျှက် ရှိကြောင်း သိရသည်။

Most read this week