အာဏာပိုင်နှင့် လုပ်ငန်းရှင်များ အနိုင့်အထက်ပြုလျှင် DPM ကူညီမည်

အာဏာပိုင်နှင့် လုပ်ငန်းရှင်များ အနိုင့်အထက်ပြုလျှင် DPM ကူညီမည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ အာဏာပိုင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက အနိုင့်အထက် ပြုကျင့် မှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် ဒီမိုကရက်တစ်ပါတီ-မြန်မာကကူညီဖြေရှင်းပေးသွား မည်ဟု အများပြည်သူတို့ကို ကမ်းလှမ်းလိုက်သည်။

လွှတ်တော်နှင့် ပြည်သူ့ ဆက်သွယ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်း၍ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ၌ ဖိနှိပ်ခံရမှု ရှိနေပါက လွှတ်တော်တွင်း တင်ပြသွားမှာ ဖြစ်သည်။ လက်ရှိတွင်ပင် လာရောက် တိုင်ကြားမှုပေါင်း ၆၀ ခန့်ရှိနေပြီဟု ရန်ကုန်တိုင်း ဒေသကြီးအမတ် ဒေါက်တာ ဒေါ်ညိုညိုသင်းကပြောသည်။
democradicmm1
ရန်ကုန်တိုင်းတွင်းမှ အများဆုံး တိုင်ကြားကြပြီး လွှတ်တော်တွင်း အမတ်နေရာ ၃ နေရာရ အတိုက်အခံ ပါတီငယ်ဖြစ်သော ဒီမိုကရက်တစ်ပါတီ-မြန်မာ (DPM) သို့တိုင်ကြားမှု ၂၀ ရှိပြီး ကျန်အမှုများက ဒေါက်တာ ဒေါ်ညိုညိုသင်း အမတ် ဖြစ်လာကတည်းက တိုက်ရိုက် တိုင်ကြားမှု ဖြစ်သည်။

“ ဘယ်လောက်ပဲ ကျမတို့အတွက် သေးငယ်တဲ့ ကိစ္စပဲဖြစ်ပေမယ့် ပြည်သူက သူတို့ ကိုယ်တိုင်ခံစားရ တာကိုး။ ခံစားရတဲ့ဆိုတဲ့ အခါကျတော့ သူတို့အတွက်ကတော့ တကယ့်ဒုက္ခကြီးပဲ” ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက မဇ္စျိမကို ပြောသည်။

 လယ်ယာမြေ၊ အိမ်ရှင်အိမ်ငှား၊ ကလေးစစ်သား စုဆောင်းခံရမှု၊ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားသော်လည်း အမှုမဖွင့်ပေးခြင်း၊ တရားစီရင်ရာတွင် ဥပဒေပါ အတိုင်း တရားစီရင်မှု မရှိခြင်း ကိစ္စများဖြစ်ကြသည်ဟု ဆိုသည်။ လွှတ်တော်နှင့် ပြည်သူ့ဆက်သွယ်ရေး ကော်မတီကိုရွေးကောက် ခံ အမတ်များနှင့် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ အလုပ်အမှုဆောင်အဖွဲ့မှ ဦးအောင်သန်းမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၈ ဦး ပါရှိသည်။

“သက်ဆိုင်ရာ၊ သက်ဆိုင်ရာတွေနဲ့ ...တိုင်တယ်။ အဲဒါတွေမှာ အကြောင်းမထူးတဲ့ အခါကျတော့ ကျနော်တို့ပါ ဝိုင်းကူပေးဖို့ လာပြီးတော့ တင်ပြတာတွေ ရှိတာပေါ့” ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

ဇူလိုင်လအတွင်း ဖွဲ့စည်းခဲ့သည့် ကော်မတီရုံးခန်းကို ရန်ကုန်ရှိ ပါတီဗဟိုဌာနချုပ်တွင်သာ ဖွင့်လှစ်ထားရှိပြီး ရန်ပုံငွေ အတွက် ကော်မီဝင်များက အကုန်အကျခံခြင်း ဖြစ်သည်။ မန္တလေးမြို့၌မူ ကော်မတီ မဖွဲ့စည်း ထားသော်လည်း တိုင်ကြားလာမှုများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

“ကျမတို့ လိုက်ဆောင်ရွက်ပေးတဲ့ ကိစ္စ၊ ပြည်သူလူထုကလည်း တော်တော်ဆင်းရဲကြတယ်။ ရုံးကို ဆိုရင် လမ်းလျှောက်ပြီး လာတဲ့သူနဲ့၊ အိတ်ထဲမှာ ၅ဝ တန် ၃ ရွက်ပဲ ရှိတဲ့သူတွေ။ သူတို့က ဒီအာဏာပိုင်ကို သူတို့မှာ Challenge လုပ်ဖို့ သူတို့မှာ လုံးဝ မတတ်နိုင်တဲ့ အနေအထား” ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောဆိုသည်။

တိုင်ကြားလိုသော အမှုနှင့် ပတ်သက်၍  ပါတီရုံးသို့ တင်ပြရာတွင် အထောက်အထား ပြည့်ပြည့်စုံစုံနှင့် တင်ပြရန် လိုပြီး ကော်မတီမှ စုံစမ်း၍ မှန်ကန်မှသာလျှင် လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်သည်။

ကော်မတီဝင်များ အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်၌သာ ကိုယ်စားလှယ်နေရာတချို့ ရရှိထားသည့် အတွက် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းသင့်သည့် မေးခွန်းများ၊ အဆိုများကို ညီနောင်ဖွဲ့ထားသည့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင်များမှ တဆင့် တင်ပြသွားမည် ဖြစ်သည်။

“ဥပဒေကြမ်း တင်စရာရှိလည်း တင်ဖို့ဆိုပြီးတော့ အဲဒီတင်ပေးနိုင်မယ့် ပါတီရဲ့ကိုယ်စားလှယ်တွေကို လွှဲပေး လိုက်တာပေါ့နော်။ အကယ်၍ လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌတို့၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့စီ တိုက်ရိုက် သွားပြောပေးစရာ ရှိရင်လည်း တိုက်ရိုက် သွားပြောပေးတာပေါ့” ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောဆိုသည်။

လက်ရှိကျင်းပနေသည့် လွှတ်တော် အစည်းအဝေးတွင်လည်း အဆိုနှစ်ခုကို တင်ပြရန်အတွက် ဆောင်ရွက်ထားပြီးဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်များ ကျင်းပပါကလည်း တင်ပြရန်အတွက် အဆိုပြုချက်နှင့် မေးမြန်းချက် ၅ ခုရှိနေပြီ ဖြစ်သည်ဟု ကော်မတီဝင်များထံမှ သိရသည်။ သို့သော် မည်သည် ကိစ္စရပ်များ ဖြစ်သည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။