မြောက်ဦးကို အာဏာပိုင်များက လက်စားချေပြီ

မြောက်ဦးကို အာဏာပိုင်များက လက်စားချေပြီ
by -
နိရဥ္စရာ သတင်းဌာန

ရှေးဟောင်း ဘုရားကို နေပြည်တော်သို့မယူဆောင် ရန် တားမြစ်ခဲ့သည့် ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးကို ယခုအခါ သက်ဆိုင်ရာ အာဏာပိုင် များက မီးပေးချိန်ကို လျှော့ချပြီး လက်စားချေနေပြီ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

kothaungလွန်ခဲ့သော ရက်အနည်းက စပြီး မီးပေးချိန်ကို နာရီပေါင်းများစွာ လျှော့ချခဲ့ပြီး ၎င်းပြင် သုံးရက် တကြိမ်ကျစီ ပေးဝေသွားတော့မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

" အရင်ကနေ ဆိုရင် နေ့ဘက်မှာ နံနက် ၈ နာရီကနေ ညနေ ၃ နာရီ မီးရပါတယ်။ ညဉ့်ဘက် ပိုင်းမှာ ဆိုရင် ညနေ ရ နာရီက နေပြီး ၁၂ နာရီ မီးရပါတယ်။ အခုလို မီးပေးနေရာကနေ အခု ညနေ ရ နာရီ ကနေပြီး ၁၀ နာရီထိဘဲ မီးပေးပါတော့တယ်။ အဲသလို မီးပေးတဲ့ အခါမှာလည်း သုံးရက် တကြိမ် ပေးမယ်။ ပီးရင် တရက်နားမယ်။ နောက်ထပ် သုံးရက်ပေးမယ်။ အဲသလို လုပ်ထားပါတယ်" ဟု ပြောသည်။

ထိုကဲ့သို့ မီးပေးချိန်ကို လျှော့ချလိုက်ခြင်းမှာ မြောက်ဦး မီးပေးဝေရေးကို တာဝန်ယူထားသော ထူးလင်း ကုမ္ပဏီက အမြတ်မရှိဘဲ အရှံုးပေါ်၍ ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

" မီးခုလို ပေးနေတာက ကြာပါပြီ။ ပီးရင် သူတို့က အစိုးရဆီကလည်း ဆီခွဲတန်းတွေ ရတယ်။ တယူနစ် ကိုလည်း ကျပ် ၅၀၀ ထိယူပါတယ်။ ရှုံးတယ်ဆိုတာက အကြောင်းပြတာ သက်သက်ပါဘဲ။ ကျွန်တော်တို့ မြို့သူ မြို့သား အများစုကတော့ အာဏာပိုင်တွေ တောင်းတဲ့ ရှေးဟောင်းဘုရားကို နေပြည်တော်ကို ထည့်မပေးတဲ့ အတွက် သက်ဆိုင်ရာ ပူးပေါင်းပြီး သက်သက် ညစ်တာလို့ဘဲ ထင်မြင်ယူဆနေကြပါတယ်" ဟု သူက ပြောသည်။

မြောက်ဦး ဒေသခံများက ထူးလင်း ကုမ္ပဏီအား အရှံုးပေါ်လျှင် နောက်ကုမ္ပဏီ တစ်ခုသို့ လုပ်ငန်းကို လွဲပြောင်း ရန် တောင်းဆိုသော်လည်း အဆိုပါ ကုမ္ပဏီမှ ၀န်ကြီး နောက်ခံ ရှိသည်ဟု ဆိုကာ မြောက်ဦး ဒေသခံများကို အရေး မစိုက်ဘဲ ရှိနေကြောင်း သူက ဆက်ပြောသည်။

" အခု မြောက်ဦးမြို့မှာ မီးလင်းရေး ကော်မီတီကို ဖွဲ့စည်းထားပါတယ်။ အဲဒီမီးလင်းရေး ကော်မီတီက နောက်ကုမ္ပဏီ တစ်ခုကို သွင်းမယ်ဆိုတော့ ထူးလင်းက အရေးမစိုက်ဘဲ သူတို့နောက်မှာ ၀န်ကြီး ရှိတယ် ဆိုပြီး ပမာမခန့်လုပ်နေပါတယ်။ ၀န်ကြီးက ရှိနေတော့ သူတို့က လုပ်ချင်သလို လုပ်တဲ့ သဘောမျိုး ဖြစ်နေပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ မီးပေးချိန်ကို လျှော့ချလိုက်သဖြင့် မြောက်ဦးမြို့ခံများ အထူး အခက်အခဲ ဖြစ်သွားခဲ့ရပြီး ကျောင်းသူ ကျောင်းသားများကိုလည်း အများကြီးထိခိုက်သွားကြောင်း သိရသည်။ မီးပေးချိန် လျှော့ချ လိုက်သဖြင့် ရေနံဆီနှင့် ဖယောင်းတိုင် စျေးမှာလည်း မြင့်တက်သွားပြီး မြို့လူထုကို ထိခိုက်မူများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

မြောက်ဦးမြို့တွင် လွန်ခဲ့သော မေလ ၃၀ ရက်နေ့က လောကမဥ္စူ စေတီတော်မှ ရရှိသော ရှေးဟောင်း ရွှေဘုရား ဆင်းထုတော်နှင့် တခြား ရှေးဟောင်းဌာပနာများကို နိုင်ငံတော် အစိုးရမှ နေပြည်တော်သို့ ပင့်ဆောင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း မြို့သူ မြို့သားများ၏ ကန့်ကွက် ဆန့်ကျင်မူကြောင်း အောင်မြင်မူ မရရှိခဲ့ကြောင်း သိရသည်။

သို့အတွက် အာဏာပိုင်များက အထူး မကျေမနပ် ဖြစ်ခဲ့ကြပြီး အခုအခါ တန်ပြန် လက်စားချေသည့် အနေဖြင့် မြောက်ဦးမြို့တွင် မီးပေးချိန်ကို တစ်နေ့ ၃ နာရီထိ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Most read this week